မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်အတွင်း တရုတ်နိုင်ငံသားတွေ သေဆုံးမှု မရှိဘူးလို့ တရုတ်သံရုံးဆို

မြန်မာနိုင်ငံမှာ မတ်လ ၂၈ရက်နေ့ နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် တရုတ်နိုင်ငံသား သေဆုံးမှု သတင်းတွေ မတွေ့ရသေးဘူးလို့ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောဆိုချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေထားပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ငလျင်ဘေးအန္တရာယ်အတွက် အလွန်စိုးရိမ်နေပြီး စိတ်ရင်းအမှန်နဲ့ ဝမ်းနည်းတယ်လို့လဲ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ငလျင်လှုပ်ခတ်ပြီးချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်အဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေနဲ့ တရုတ်ပြည်သူတွေရဲ့ လုံခြုံရေးကို အပြည့်အဝ လေ့လာစိစစ်နေတယ်လို့လည်း သူက ဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်းက သဘာဝဘေးသင့်တဲ့ ဒေသတွေကို အရေးပေါ် အကူညီတွေ ပံ့ပိုးကူညီဖို့နဲ့ ကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးဖို့ကိုလည်း ဆန္ဒရှိတယ်လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်းပြောကြားထားပါတယ်။
တရုတ်သံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်မှုတွေ များပြားနေပြီး Comment တစ်ခုမှာတော့ တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေကို မြန်မာနိုင်ငံဆီ စေလွှတ်လိုက်ပြီလို့ သံရုံးလူမှုကွန်ရက် တာဝန်ရှိသူက ပြန်လည်ဖြေကြားထားတာကို တွေ့ရပါတယ်။
ပုံစာ – တရုတ်နိုင်ငံ ယူနန်ကယ်ဆယ်ရေးအဖွဲ့ကို မြင်ရပုံ
#CJPlatform #ငလျင် #တရုတ်