ငလျင်လှုပ်တာကို ခဏမေ့ထားပြီး ပျော်ရွှင်စွာ သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်ဆိုတဲ့ Non CDM ဆရာမတွေ ဝေဖန်ခံနေရ

ငလျင်လှုပ်တာကို ခဏမေ့ထားပြီး ပျော်ရွှင်စွာနဲ့ သင်တန်းဆင်းပွဲကို ကျင်းပခဲ့တယ်လို့ လူမှုကွန်ရက်ပေါ် မျှဝေခဲ့သူ မွန်ပြည် ပေါင်မြို့နယ်က Non CDM ဆရာမတွေကို ပြည်သူတွေက ဝေဖန်မှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။
နှစ်ပေါင်းတစ်ရာကျော်အတွင်း အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် တစ်နိုင်ငံလုံး အပျက်စီးများစွာနဲ့ လူသေဆုံးမှုများပြားနေချိန်မှာ မွန်ပြည် ပေါင်မြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ဆရာ၊ဆရာမတွေက မတ်လ ၂၈ရက်နေ့မှာ အခြေခံပညာအလယ်တန်းအဆင့်နဲ့ မူလတန်းအဆင့် သင်ကြားသင်ယူမှုထိရောက်ရေး စွမ်းရည်မြှင့်သင်တန်း ဆွေးနွေးပွဲ/ဆင်းပွဲ အခမ်းအနားကို ကျင်းပနေခဲ့တာပါ။
“ငလျင်လှုပ်ပြီး တာကို ခဏမေ့ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ သင်တန်းဆင်းပွဲ ကျင်းပ”လို့ သင်တန်းဆင်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့သူ Non CDM ဆရာမတစ်ဦးက မျှဝေထားခဲ့ပါတယ်။
“စွမ်းရည်မြှင့်သင်တန်းမှာ သူ့အဆင့်အတန်းကို သူဖော်ပြတာပါပဲ၊ တစ်နိုင်ငံလုံး ပူဆွေးသောကရောက်ချိန်မှာ ဆရာမတစ်ဦးအနေနဲ့ ဒီလိုမျိုး ရေးသားရဲတာဟာ သူ့ရဲ့ အသိဉာဏ်နည်းပါးမှုကို ပြနေတာပဲ၊ သူလိုဆရာမက ကလေးတွေကို စာနာမှုတွေ လူသားဆန်မှုတွေ မမျှဝေနိုင်မှာပါတော့ သေချာပါတယ်”လို့ ရန်ကုန်မြို့ကနေ CDM လုပ်ဆောင်ထားသူ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်မှာ ၉၆ ဦး၊ စစ်ကိုင်းမှာ ၁၈ ဦးနဲ့ ကျောက်ဆည်မှာ ၃၀ဦး စုစုပေါင်း လူပေါင်း ၁၄၄ ဦးသေဆုံးကာ ၇၀၀ ကျော် ဒဏ်ရာရရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပြီး မြေပြင်မှာ ပျောက်ဆုံးနေဆဲ ပြည်သူတွေ အများအပြားရှိနေပါတယ်။