Sky Villa အတွင်း ပိတ်မိနေသူ ၄၃ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်၊ လက်ရှိချိန်ထိ ၉ဦး သေဆုံး

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် Sky Villa ကွန်ဒိုအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် မြေကျွံဝင်သွားပြီး ပိတ်နေကြသူတွေကို ကယ်ဆယ်နေရာမှာ ၄၃ဦးကို အသက်ရှင်လျက် ကယ်တယ်နိုင်ခဲ့ပြီး ၉ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဖွဲ့က ဒီကနေ့ မတ်လ ၂၉ရက်နေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။
ရှာဖွေရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေခဲ့ပြီး ဗဟိုမီးသတ်သင်တန်းကျောင်း၊ ပြင်ဦးလွင် မီးသတ်စခန်းနဲ့ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေက ပူးပေါင်းလုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
အထပ်ပေါင်း ၁၁ထပ်ရှိတဲ့ Sky Villa ကွန်ဒိုဟာ ငလျင်ကြောင့် မြေကျွံဝင်သွားခဲ့ပြီး မြေပေါ်မှာ ခုနစ်ထပ်ခန့်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
Sky Villa ကွန်ဒို ပြိုကျမှုတွင် သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနဲ့ မိသားစုဝင်တွေ သေဆုံးသွားတယ်လို့လည်း သုခဒိုင်းမွန်းစိန်တိုက်က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြုပြီး မတ်လ ၂၈ရက်နေ့ နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ အင်အား ၇ဒသမ၇ အဆင့်ရှိ အင်အားအလွန်ပြင်းတဲ့ ငလျင်တစ်ခုဖြစ်ခဲ့ပြီး ငလျင်ကြောင့် သေဆုံးသူဟာ စုစုပေါင်း ၁၀၀၂ ဦး ဒဏ်ရာရရှိသူ ၂၃၇၆ဦးရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
လက်ရှိမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ ပျက်စီးဆုံးရှုံးမှုတွေ များပြားနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်မြှင့် လုပ်ဆောင်ဖို့ လိုအပ်နေခဲ့ပါတယ်။
ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့