MNA လေကြောင်းလိုင်းက ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ယူရေး အခမဲ့ဝန်ဆောင်မှုပေး

မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ ငလျင်ဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ဆေးဝါးတွေကို အဆင်ပြေချောမွေ့စွာ ရောက်ရှိရေးအတွက် ပြည်တွင်း၊ပြည်ပ ခရီးစဉ်တွေကို အခမဲ့ သယ်ဆောင်ပေး
မြန်မာအမျိုးသားလေကြောင်းလိုင်းက ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ယူဖို့အတွက် အခမဲ့ ဝန်ဆောင်မှု ပေးသွားမယ်လို့ ဒီကနေ့ မတ်လ ၂၉ရက်နေ့မှာ ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။
“မြန်မာအမျိုးသားလေကြောင်း မှ မြေငလျင်သင့် ပြည်သူများ ထံသို့ ကယ်ဆယ်ရေးပစ္စည်းများ နှင့်ဆေးဝါးများ အဆင်ပြေချောမွေ့စွာရောက်ရှိနိုင်စေရန်အတွက် ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များဖြင့် အခမဲ့ သယ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင်”လို့ MNA က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြုပြီး မတ်လ ၂၈ရက်နေ့ နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ အင်အား ၇ဒသမ၇ အဆင့်ရှိ အင်အားအလွန်ပြင်းတဲ့ ငလျင်တစ်ခုဖြစ်ခဲ့ပြီး ငလျင်ကြောင့် သေဆုံးသူဟာ စုစုပေါင်း ၁၀၀၂ ဦး ဒဏ်ရာရရှိသူ ၂၃၇၆ဦးရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
လက်ရှိမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ ပျက်စီးဆုံးရှုံးမှုတွေ များပြားနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်မြှင့် လုပ်ဆောင်ဖို့ လိုအပ်နေခဲ့ပါတယ်။
ဓာတ်ပုံ – MNA