လားရှိုးမှာ ဆောက်လက်စ သင်္ကြန်မဏ္ဍပ်တွေ အကုန်ဖျက်သိမ်း၊ ငလျင်ကြောင့် ထိခိုက်သူမည်သူကိုမဆို အခမဲ့ဆေးကုသပေးမယ်

Author CJ Platform
Categories
Published on Mar 29, 2025

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ သင်္ကြန်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေမှုတွေကို အားလုံးဖျက်သိမ်းလိုက်ပြီး ငလျင်ကြောင့် ထိခိုက်ခဲ့တဲ့ ပြည်သူတွေ မည်သူကိုမဆို အခမဲ့ဆေးကုသပေးမယ်လို့ ဖိတ်ခေါ်ထားပါတယ်။

 

နှစ်ပေါင်းတစ်ရာကျော်အတွင်း အဆိုးဝါးဆုံး ငလျင်ဖြစ်ခဲ့တဲ့ မနေ့ မတ်လ ၂၈ရက်နေ့ နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံအတွင်းက ဒေသအချို့မှာ ထိခိုက်သေဆုံးမှုတွေ များပြားနေချိန်မှာ လူသားချင်းစာနာ ဝမ်းနည်းမှုကို ပြသလိုတာကြောင့် အခုလို မဏ္ဍပ်တွေ ဖျက်သိမ်းလိုက်ရတာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

“မြို့သမိုင်းတလျောက်မှာ အစည်ကားဆုံးလုပ်မယ်ဆိုပြီး သူတို့ပြင်ဆင်နေတာ၊ ငလျင်ကြောင့် အကုန်ရပ်လိုက်ပြီ၊ လားရှိုးမှာက မထိဘူး၊ စာနာဝမ်းနည်းမှုကို ပြသဖို့အတွက် သင်္ကြန်ပွဲတော်ကို မကျင်းတော့ဖို့ ဆုံးဖြတ်လိုက်ကြတာ”လို့ လားရှိုးမြို့ကို ရောက်ရှိနေသူ CJ Platform ရဲ့ သတင်းအရင်းအမြစ်ကပြောပါတယ်။

 

ဒါ့အပြင် ငလျင်ဒဏ်သင့်ခဲ့တဲ့ ဒေသတွေက မည်သူမဆို လာရှိုးမြို့ ကျန်းမာရေးဌာနမှာ လာရောက်ဆေးကုသမှု ခံယူနိုင်ပြီး အခမဲ့ ဆေးကုသပေးမယ်လို့လည်း အထူးဒေသ(၁) ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

 

လုံခြုံရေး အခြေအနေတွေကြောင့် ငလျင်ဒဏ်သင့်တဲ့ ဒေသတွေမှာရှိတဲ့ လူနာတွေကို သွားရောက်ခေါ်ယူပြီး ဆေးကုသဖို့ မကူညီနိုင်ပေမဲ့ အရေးကြုံပါက ကူညီကယ်ဆယ်နိုင်ရေး လူအင်အား၊ ဆေးပစ္စည်းနဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေကိုလည်း အဆင်သင့်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

 

“စကစက အဝင်ခံမှာ မဟုတ်ဘူးလေ၊ အဲဒီနေရာတွေကို သွားဖို့ဆို ပစ်ခတ်မှုတွေပါ ဖြစ်နိုင်တာကိုး၊ အဲဒါကြောင့် သူတို့ဆီကိုပဲ ဖိတ်ခေါ်တာ၊ သူတို့ကို အကူညီတောင်းရင်တော့ လုံခြုံရေး အာမခံရင် ချက်ခြင်းထွက်ပြီး ကူညီမယ်လို့ သူတို့ဖွဲ့ထားတဲ့ အဖွဲ့တွေက ကလေးတွေက ပြောတယ်”လို့ CJ Platform ရဲ့ သတင်းအရင်းအမြစ်ကပြောပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – လားရှိုးမြို့မှာ တည်ဆောက်ဆဲဖြစ်တဲ့ သင်္ကြန်မဏ္ဍပ်တစ်ခုကို မြင်ရပုံ