တောင်ကိုရီးယားလေယာဉ်ပျက်ကျမှုမှာ အနည်းဆုံး လူ ၆၀ ကျော်သေဆုံး

Author CJ Platform
Categories
Published on Dec 29, 2024

တောင်ကိုရီးယားနိုင်ငံက မွမ်အပြည်အပြည်ဆိုင်ရာ လေဆိပ်မှာ ဆင်းသက်ခဲ့တဲ့ လေယာဉ်တစ်စင်းဟာ ပြေးလမ်းချော်ကာ အကာနံရံကိုဝင်တိုက်ပြီး ပေါက်ကွဲခဲ့တာကြောင့် သေဆုံးသူ အနည်းဆုံး ၆၂ ဦး ရှိတယ်လို့ တောင်ကိုရီးယားအမျိုးသားမီးသတ်ဌာနက ပြောပါတယ်။

 

ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာဖြစ်တဲ့ လေယာဉ်မတော်တဆမှုထဲကနေ လူနှစ်ဦးကို အသက်ရှင်ရက် ကယ်ဆယ်နိုင်ခဲ့ပြီး သူတို့တွေဟာ လေယာဉ်အမှုထမ်းတွေ ဖြစ်တယ်လို့လည်း တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ခရီးသည် ၁၇၅ ဦးနဲ့ လေယာဉ်အမှုထမ်း ခြောက်ဦးတို့ကိုတင်ဆောင်လာတဲ့  Jeju လေကြောင်းလိုင်းပိုင် လေယာဉ်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး ဒီကနေ့မနက် ကိုးနာရီဝန်းကျင်မှာ တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းက လေဆိပ်ကိုဆင်းသက်ပြီး သိပ်မကြာခင်မှာပဲ မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

 

ဒါပေမဲ့ ထိခိုက်သေဆုံးမှု အရေအတွက်ကိုတော့ ဝန်ကြီးဌာနက အတည်ပြုပြောဆိုခြင်း မရှိပါဘူး။

 

လက်ရှိမှာ အနည်းဆုံး ရုပ်အလောင်း ၅၈ လောင်းကို ‌တွေ့ရှိထားပြီးဖြစ်ပေမဲ့ ဒါဟာ နောက်ဆုံးအရေအတွက်မဟုတ်ဘူးလို့ မီးသတ်အရာရှိတစ်ဦးက ပြောပါတယ်။

 

မွမ်မြို့ရဲ့ မီးသတ်အရာရှိတစ်ဦးကတော့ လူနှစ်ဦးကို အသက်ရှင်ရက် ကယ်ဆယ်နိုင်ခဲ့ပြီး ‌ကုသမှုတွေပေးထားတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား အခြေစိုက် ယွန်ဟပ်သတင်းဌာနကတော့ အသက်ရှင်ရက် ကယ်ဆယ်နိုင်သူ သုံးဦးရှိတယ်လို့ ဖော်ပြပါတယ်။

 

လေယာဉ်အမြီးပိုင်းမှာ ရှိနေတဲ့သူတွေကို ကယ်တင်နိုင်ဖို့အတွက် တာဝန်ရှိသူတွေက ကြိုးပမ်းနေတယ်လို့ လေဆိပ်တာဝန်ရှိသူတစ်ဦးက လေယာဉ်မတော်တဆမှု ဖြစ်ပြီးပြီးချင်းမှာ ပြောပါတယ်။

 

ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားတဲ့ ရုပ်သံဗီဒီယိုမှာ အင်ဂျင်နှစ်လုံးတပ်လေယာဉ်ဟာ ဆင်းသက်ဖို့လိုအပ်တဲ့ လေယာဉ်ဘီးတွေမပါဘဲ ပြေးလမ်းပေါ်ကနေ ချော်ထွက်သွားပြီး အကာနံရံကို ဝင်တိုကာ ပေါက်ကွဲသွားတာကို တွေ့မြင်ရပါတယ်။

 

နောက်ထပ်ဖော်ပြထားတဲ့ ဓာတ်ပုံတွေမှာတော့ မီးခိုးလုံးတွေနဲ့ မီးလောင်ထားတဲ့ လေယာဉ်အစိတ်အပိုင်းတွေကို တွေ့မြင်ရပါတယ်။

 

လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်တွေထဲမှာ ထိုင်းနိုင်ငံသားနှစ်ဦးပါဝင်ပြီး ကျန်ခရီးသည်တွေကတော့ ကိုရီးယားနိုင်ငံသားတွေဖြစ်နိုင်တယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

မ‌တော်တဆမှုဖြစ်ခဲ့တဲ့ လေယာဉ်ဟာ Jeju လေကြောင်းလိုင်းပိုင် ဘိုးရင်း 737-800 လေယာဉ်ဖြစ်ပြီး အသေအပျောက်နဲ့ မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းအပါအဝင် အသေးစိတ် အချက်အလက်တွေကို ရှာဖွေစုံစမ်းနေတယ်လို့ လေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

 

လေယာဉ်ထုတ်လုပ်တဲ့ အမေရိကန်အခြေစိုက် ဘိုးရင်းကုမ္ပဏီကတော့ တစ်စုံတစ်ရာ မှတ်ချက်ပေးပြောဆိုတာ မရှိသေးပါဘူး။

 

လက်ရှိမှာ မွမ်လေဆိပ်ကို ပျံသန်းပြေးဆွဲမယ့် ပြည်တွင်း၊ ပြည်ပ ခရီးစဉ်‌အားလုံးကို ရပ်ဆိုင်းထားတယ်လို့လည်း ယွန်ဟပ်သတင်းဌာနက ဖော်ပြပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကမှ ယာယီသမ္မတရာထူးရယူထားတဲ့ ချွိုင်ဆန်မော့ကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေ အစွမ်းကုန်လုပ်ဆောင်ဖို့ အမိန့်ပေးထားတယ်လို့ သူ့ရဲ့ရုံးက ပြောထားပြီး အရေးပေါ်အစည်းအဝေးတစ်ခုလည်း ခေါ်ယူထားတယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – Yonhup via Reuters

 

ပုံစာ- လေယာဉ်မတော်တဆမှုကို ကယ်တယ်ရေးလုပ်ဆောင်နေတဲ့ မြင်ကွင်းများ

 

ကိုးကား- Reuters