“ဒီတစ်ပတ် ကျပ်ငွေအပြောင်းအလဲ” (ဒီဇင်ဘာလ ၂၃ ရက်ကနေ ၂၈ ရက်နေ့အထိ)

Published on Dec 29, 2024

“နိုင်ငံခြားငွေဈေးတွေလည်း အေး”

 

ဒီဇင်ဘာလထဲ ဈေးကွက်အားလုံးအေးနေသလို ငွေကြေးဈေးကွက်လည်းအေးပြီး နိုင်ငံခြားငွေဈေးတွေလည်း ငြိမ်သက်နေဆဲဖြစ်ပါတယ်။

 

ဒီတစ်ပတ်အတွင်း တနင်္လာနေ့က ဈေးတွေနဲ့နှိုင်းယှဉ်မယ်ဆိုပါက အမေရိကန်တစ်ဒေါ်လာ ၁၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၁၅ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ငါးကျပ်နဲ့ တရုတ်တစ်ယွမ် ငါးကျပ်ကျဆင်းခဲ့ပေမဲ့ ဈေးအများစုက ပြီးခဲ့တဲ့အပတ်က ဈေးနှုန်းတွေနဲ့ပဲ ပြန်ပိတ်ခဲ့တာတွေ့ရပါတယ်။ ဂျပန်ယမ်းနဲ့ ကိုရီးယားဝမ်ဈေးနှုန်းတွေကတော့ ပြားလောက်ပဲကျတာ တွေ့ရပါတယ်။

 

ထိုင်းဘတ်ဈေးနှုန်းတွေကတော့ ဒီတစ်ပတ်လုံး တစ်ဘတ်ကို ၁၃၀ စွန်းစွန်းနဲ့ ငြိမ်သက်နေခဲ့ပါတယ်။

 

စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းငွေကြေးဈေးကွက်(FX)ကနေ တနင်္လာနေ့မှာ မရောင်းပေးခဲ့ဘဲ အင်္ဂါနေ့မှာ တရုတ်ယွမ် သုံးသိန်းကျော်နဲ့ ထိုင်းဘတ် ကိုးသိန်းရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

အဲဒီနောက် ကြာသပတေးနေ့မှာတော့ တရုတ်ယွမ် ငါးသိန်းကျော်နဲ့ ထိုင်းဘတ် ၄ ဒသမ ၇ သန်းကျော်ထပ်ရောင်းပေးခဲ့တဲ့အပြင် သောကြာနေ့မှာတော့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ သန်းကျော်၊ တရုတ်ယွမ် လေးသိန်းကျော်နဲ့ ထိုင်းဘတ် ၁ ဒသမ ၃ သန်းကျော်ရောင်းချပေးခဲ့တယ်လို့ စစ်ကောင်စီဗဟိုဘဏ်ရဲ့ FX ဈေးကွက်ထဲကနေ သိရပါတယ်။

 

စနေနေ့ငွေကြေးဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာ ၄၄၅၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၃၁၅ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၀ ကျပ်ကျော်၊ ဂျပန်တစ်ယမ်း ၂၈ ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ် ၉၉၅ ကျပ်၊ တရုတ်တစ်ယွမ် ၆၁၀ ကျပ်နဲ့ ကိုရီးယားတစ်ဝမ် ၃ ကျပ်ခန့်ဈေးရှိတယ်လို့ သိရပါတယ်။

 

Source – Myanmar Market Price