ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ? (ဒီဇင်ဘာ ၂၂ ရက်နေ့မှ မှ ၂၈ ရက်အထိ)

Published on Dec 29, 2024

ဒီတစ်ပတ် (ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ) တောင်ကိုရီးယား ယာယီသမ္မတ တာဝန်က ရပ်ဆိုင်းခံရတဲ့ သတင်းအပါအဝင် အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ကွယ်လွန်တဲ့ သတင်းတွေဟာ ကမ္ဘာ့ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အဇာဘိုင်ဂျန်ခရီးသည်လေယာဉ်ကို ရုရှားပစ်ချလိုက်တယ်ဆိုတဲ့ သတင်း၊ Tik Tok ပိတ်မယ့် ဥပဒေ ရွှေ့ဆိုင်းဖို့ ထရမ့်တောင်းဆိုတဲ့ သတင်းနဲ့ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးတဲ့ ထိုင်းလူငယ် အရက်စိန်ခေါ်သောက်ပြီး သေဆုံးသွားတဲ့ သတင်းအကြောင်းအရာတွေဟာ ဒီတစ်ပတ်အတွင်းမှာ ဟော့ဖြစ်ခဲ့ပါတယ်။ ဒီသတင်းအကြောင်းအရာတွေကို အနှစ်ချုပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

“ယာယီသမ္မတလည်း မအိုကေ”

 

တောင်ကိုရီးယား ယာယီသမ္မတအဖြစ် သီတင်းနှစ်ပတ်ဝန်းကျင်သာ တာဝန်ယူထားရသေးတဲ့ ဟန်ဒက်ဆူးဟာ လွှတ်တော်ရဲ့ မဲခွဲဆုံးအဖြတ်အပြီးမှာ ယာယီသမ္မတ တာဝန်ကနေ ရပ်ဆိုင်းဖို့ ဖြစ်လာခဲ့ပါပြီ။ တောင်ကိုရီးယား လွှတ်တော် အမတ် ၁၉၂ ဦးရဲ့ မဲခွဲဆုံးဖြတ်မှု ရလဒ်မှာ စွပ်စွဲပြစ်တင်ရေး အဆိုဘက် မဲ ၁၅၁ မဲနဲ့အထက် ကျော်လွန်ခဲ့တာကြောင့် ယာယီသမ္မတအဖြစ်ကနေ ရပ်ဆိုင်းခံလိုက်ရတာပဲဖြစ်ပါတယ်။

 

မအောင်မြင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုကြောင့် သမ္မတအဖြစ်ကနေ ဆိုင်းငံ့ထားတဲ့ သမ္မတယွန်ဆွတ်ယိုလ်ရဲ့နေရာမှာ ဟန်ဒက်ဆူးအနေနဲ့ တာဝန်ယူခဲ့ရပေမဲ့ သမ္မတယွန်ကို ရာထူးကဖယ်ရှားဖို့ ကိစ္စနဲ့ တရားမျှတမှုရဖို့ ကိစ္စမှာ ပါဝင်ဖို့ သူက ငြင်းဆိုခဲ့တာကြောင့် အခုလို လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး တာဝန်ကနေ ရပ်ဆိုင်းလိုက်တာပဲဖြစ်ပါတယ်။

 

တောင်ကိုရီးယားနိုင်ငံဟာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးတဲ့နောက် ခေါင်းဆောင်မှု အကျပ်အတည်းနဲ့အတူ စီးပွားရေး အကျပ်အတည်းတွေပါ တစ်ချိန်တည်းမှာ ရင်ဆိုင်နေရပါပြီ။ သမ္မတအဖြစ်ကနေ ဆိုင်းငံ့ခံထားရတဲ့ ယွန်ကတော့ မူလရာထူးကို ပြန်ရဖို့ မျှော်လင့်ချက်အနည်းငယ် ကျန်ရှိနေပါသေးတယ်။

 

တောင်ကိုရီးယားရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာ တရားသူကြီး ကိုးဦးရှိပြီး သမ္မတကို ရာထူးက ဖြုတ်ချဖို့ တရားသူကြီး သုံးပုံနှစ်ပုံက ထောက်ခံမဲပေးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ တရားသူကြီးသုံးဦး‌က လစ်လပ်နေတာကြောင့် လက်ရှိ ရှိနေတဲ့ ခြောက်ဦးစလုံးက တညီတညွှတ်တည်း ထောက်ခံမှသာ ရာထူးက ဆိုင်းငံ့ထားတဲ့ သမ္မတကို ဖြုတ်ချနိုင်မှာပါ။ အခု တာဝန်ကနေ ရပ်ဆိုင်းခံလိုက်ရတဲ့ ယာယီသမ္မတ ဟန်ဒက်ဆူးကတော့ သူ့အနေနဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပြီး သူယူထားတဲ့ တာဝန်တွေလည်း ချက်ချင်း ရပ်ပစ်လိုက်မှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

 

 

“ယမုံနာမြစ်ကမ်းဘေးက နိုင်ငံတော် ဈာပန”

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့က ကွယ်လွန်သွားတဲ့ အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းရဲ့ ဈာပနအခမ်းအနားကို နယူးဒေလီမြို့တော်၊ ယမုံနာဖြစ်ကမ်းဘေးမှာ ကျင်းပပေးခဲ့ပါတယ်။ နိုင်ငံတော် အခမ်းအနားနဲ့ ကျင်းပပေးတဲ့ မန်မိုဟန်ဆင်းရဲ့ ဈာပနကို လက်ရှိဝန်ကြီးချုပ် မိုဒီအပါအဝင် နိုင်ငံရဲ့ နာမည်ကျော်ကြားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ တက်ရောက်ပြီး ဂါရဝပြုခဲ့ကြပါတယ်။

 

ဆစ်ခ်ဘာသာဝင်တစ်ယောက်ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းဟာ အသက် ၉၂ နှစ်အရွယ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ဈာပနကိုလည်း ဆစ်ခ် ထုံးတမ်းအစဉ်အလာအတိုင်း မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြပါတယ်။

 

ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းဟာ သူဝန်ကြီးအဖြစ်နဲ့ တာဝန်ထမ်းဆောင်စဉ် ကာလမှာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေးအပြင် အမေရိကန်နဲ့ သမိုင်းဝင် နျူကလီယား သဘောတူညီချက် ရေးဆွဲနိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ အိန္ဒိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။

 

ဝန်ကြီးချုပ်အဖြစ် ၁၀ နှစ်နဲ့ သက်တမ်းအကြာဆုံး တာဝန်ထမ်းဆောင်နိုင်ခဲ့သူ မန်မိုဟန်ဆင်းဟာ ဂုဏ်သိက္ခာကြီးသူအဖြစ် ထင်ရှားကျော်ဇောပါတယ်။ ဒါကြောင့်လည်း ဝန်ကြီးချုပ်ဟောင်းကို လေးစားတဲ့အနေနဲ့ အိန္ဒိယနိုင်ငံတစ်ဝန်း ဝမ်းနည်းအောက်မေ့ဖွယ်နေ့အဖြစ် သူကွယ်လွန်သွားတဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ တစ်ပတ် သတ်မှတ်ပေးသွားမှာဖြစ်တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

 

“အဇာဘိုင်ဂျန်ခရီးသည်လေယာဉ် မပျက်ကျခင် ဘာတွေဖြစ်ခဲ့လဲ”

 

လူပေါင်း  ၃၈ ဦးသေဆုံးခဲ့ရတဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့က ပျက်ကျခဲ့တဲ့ အဇာဘိုင်ဂျန် ခရီးသည်လေယာဉ်ဟာ မတော်တဆမှုကြောင့် ပျက်ကျခဲ့တာ မဟုတ်ဘဲ ရုရှားရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်က ပစ်ချလို့ ပျက်ကျခဲ့တာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ ရုရှားအတွက် တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ခဲ့ရပါပြီ။

 

ငှက်အုပ်တွေ ဝင်တိုက်လို့၊ ရာသီဥတုမကောင်းလို့၊ လေယာဉ်ရဲ့ ကြံ့ခိုင်မှု အားနည်းခဲ့လို့ စသဖြင့် သုံးသပ်ချက်အမျိုးမျိုးနဲ့ လေယာဉ်ပျက်ကျမှုကို ထင်ကြေးပေးနေကြပေမဲ့ နောက်ဆုံးမှာတော့ ရုရှားရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကြောင့် ပျက်ကျခဲ့တာလို့ သတင်းတွေ ထပ်မံထွက်ပေါ်လာခဲ့တာပါ။

 

ရုရှားဘက်ကတော့ ဒါနဲ့ ပတ်သက်ပြီး ထင်မြင်ချက်တွေပေးနေတာကို အလိုမရှိပါဘူး။ ဒါပေမဲ့ အဇာဘိုင်ဂျန် လေကြောင်းလိုင်းကတော့ လေယာဉ်မပျက်ကျခင်မှာ ပြင်ပ နည်းပညာဆိုင်ရာ တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ အသိပေးထားပါတယ်။ အခုအခါမှာတော့ ရရှိထားတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး လေယာဉ်ပျက်ကျမှုကို ပညာရှင်တွေက ပြင်းပြင်းထန်ထန် စုံစမ်းနေကြပါပြီ။ ဒီနောက်ကွယ်မှာ အမေရိကန်က ပါဝင်ကူညီနေပါတယ်။

 

အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် ဂျွန်ကာဘီကတော့ လူ ၃၈ ဦး သေဆုံးခဲ့ရတဲ့ ဒီလေယာဉ်ပျက်ကျမှုမှာ ရုရှားဟာ အဓိကအနေနဲ့ တာဝန်ရှိနေတယ်လို့ ထုတ်ပြောထားပါတယ်။

 

ဒီလို စွပ်စွဲချက်တွေ ရှိနေတဲ့အပေါ်  ကရင်မလင်ဘက်က မှတ်ချက်ပေးဖို့ ငြင်းဆန်နေဆဲဖြစ်ပေမဲ့ ရုရှား အရပ်ဘက် လေကြောင်း အေဂျင်စီ အကြီးအကဲတစ်ဦးကတော့ ချေချင်းညာဒေသမှာ ယူကရိန်း-ရုရှားအကြား ဒရုန်းတိုက်ခိုက်မှုတွေဟာ အလွန်ရှုပ်ထွေးနေတယ်လို့ အသိပေးထားပါတယ်။

 

ရုရှားသမ္မတ ပူတင်ကတော့ သေဆုံးခဲ့သူတွေအတွက် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ဝမ်းနည်းစကားဆိုပြီး ကြေကွဲဖွယ်ဖြစ်ရပ်အဖြစ် ထုတ်ပြောထားသလို အဇာဘိုင်ဂျန် သမ္မတကိုလည်း တောင်းပန်ထားတယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။

 

“ဖလော်ရီဒါ တွေ့ဆုံမှုကြောင့် Tik Tok ရလဒ်ကောင်းတော့မလား”

 

တရုတ်အစိုးရနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ Tik Tok ကုမ္ပဏီအတွက် အမေရိကန် ရွေးကောက်ခံ သမ္မတ ထရမ့်က မားမားမတ်မတ် ရပ်တည်လိုက်သလိုပါပဲ။ ထရမ့်ဟာ အမေရိကန်မှာ Tik Tok အက်ပလီကေးရှင်းကို ပိတ်ပင်သွားမယ့် ဥပဒေကို ရွှေ့ဆိုင်းထားဖို့ အမေရိကန် တရားရုံးချုပ်ကို တောင်းဆိုလိုက်ပါတယ်။

 

တကယ့်တော့ အစောပိုင်းကတည်းက အမေရိကန်က နိုင်ငံရေး သမားတွေဟာ Tik Tok အပေါ် အယုံအကြည်မရှိဘဲ နိုင်ငံတော် လုံခြုံရေးအတွက် စိုးရမ်စရာကောင်းတဲ့ အက်ပလီကေးရှင်းတစ်ခုအဖြစ်သာ ရှုမြင်ခဲ့ကြတာပါ။ ဒါပေမဲ့ အမေရိကန်ရဲ့ ရွေးကောက်ခံသမ္မတ ထရမ့်ဖြစ်လာချိန်မှာတော့ Tik Tok အတွက် မျှော်လင့်ချက် ဖြစ်လာခဲ့ပါတယ်။

 

အမေရိကန်မှာ Tik Tok သုံးစွဲသူဟာ သန်း ၁၇၀ ရှိပြီး တရုတ်မဟုတ်တဲ့ တခြားကုမ္ပဏီကို ရောင်းချတာ ဒါမှမဟုတ် ပိတ်ပစ်လိုက်ဖို့အထိ သမ္မတ ဘိုင်ဒင်လက်ထက်ကတည်းက ဥပဒေမူကြမ်းတွေနဲ့ ကန့်သတ်ဖို့အထိ ရှိထားတာပါ။ ဒါနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေကတော့ ဆက်လက်ရှိနေဆဲပါပဲ။

 

အရွေးကောက်ခံ သမ္မတ ထရမ့်ကတော့ လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကျမ်းကျိန်တော့မှာဖြစ်ပြီး သူ့အစိုးရ လက်ထက်မှာ Tik Tok နဲ့ ပတ်သက်လို့ ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိပြုချက်တွေ ပြုလုပ်ထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ထရမ့်နဲ့ Tik Tok ရဲ့ အမှုဆောင်ချုပ်တို့ ဖလော်ရီဒါက မာရာလာဂို စံအိမ်ကြီးမှာ တွေ့ဆုံအပြီး အခုလို တောင်းဆိုမှုတွေ ထွက်ပေါ်လာခဲ့တာဆိုရင်လည်း မမှားပါဘူး။

 

“စိန်မခေါ်သင့်တဲ့ အရာ”

 

ဝီစကီအရက် ၃၅၀ မီလီလီတာပုလင်းကို တစ်ခါတည်းသောက်နိုင်ရင် ဘတ်သုံးသောင်းရမယ်ဆိုတဲ့ စိန်ခေါ်ချက်ကို လက်လွှတ်မခံခဲ့တဲ့ ထိုင်း ဆိုရှယ်မီဒီယာ အကျော်အမော် လူငယ်လေး တစ်ဦးဟာ ဒီ စိန်ခေါ်ချက်ကို လက်ခံအပြီးမှာပဲ သေဆုံးသွားခဲ့ရပါတယ်။

 

သာနာခမ်းလို့ ခေါ်တဲ့ လူငယ်လေးဟာ သေဆုံးချိန်မှာ အသက် ၂၁ နှစ်သာရှိသေးပြီး ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ အွန်လိုင်းအသုံးပြုသူတွေကတော့ မှတ်ချက်တွေ မျိုးစုံပေးနေကြပါတယ်။ အထူးသဖြင့် သာနာခမ်းကို လူနာတင်ယာဉ်ဆီ ခေါ်ဆောင်သွားချိန်မှာ အဲဒီနားက ပါတီပွဲရောက်လူတွေက ရယ်မောနေကြတဲ့အပေါ် အွန်လိုင်းအသုံးပြုသူတွေက ပြစ်တင်ရှုတ်ချနေကြတာပါ။

 

မိဘနှစ်ပါး ကွဲကွာပြီးနောက် ဘန်ကောက်မြို့ရဲ့ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ကြီးပြင်းလာရတဲ့ သာနာခမ်းဟာ အဖွားဖြစ်သူရဲ့ ထိန်းကျောင်းမှုအောက်မှာပဲ နေထိုင်ခဲ့ရပါတယ်။  သူခုနစ်နှစ်သားအရွယ်မှာ ရမ်အင်ထရာလမ်းက ဈေးတစ်ခုမှာ ပန်းကုံးတွေ ရောင်းချရင်း အသက်မွေးခဲ့ပါတယ်။ ဒီလိုနဲ့ အွန်လိုင်းမှာ နာမည်ကြီးလာတဲ့ သာနာခမ်းဟာ အရင်ကလည်း ဒီလိုစိန်ခေါ်မှုတွေကို လက်ခံခဲ့ဖူးပါတယ်။

 

အခုတော့ အဖွားဖြစ်သူဟာ သူ့ကို ရှာဖွေကျွေးမွေးနေတဲ့ မြေးလေးကို ဆုံးရှုံးလိုက်ရပါပြီ။ အွန်လိုင်းအသုံးပြုသူတွေကလည်း ကျန်ရစ်ခဲ့တဲ့ သာနာခမ်းရဲ့ အဖွားကို ထောက်ပံ့ဖို့ နှိုးဆော်နေကြပါတယ်။

 

သာနာခမ်းဟာ အခုလို အန္တရာယ်များတဲ့ စိန်ခေါ်မှုတွေကို ဘာကြောင့် လက်ခံရသလဲဆိုတာ အကြောင်းအရင်းရှိပါတယ်။ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားတဲ့ ပို့စ်တစ်မှာ “င့ါမိသားစုကို ထောက်ပံ့နိုင်ဖို့ ချမ်းသာတဲ့လူတွေ အနိုင်ကျင့်စော်ကားတာခံပြီး သူတို့ဆီက ပိုက်ဆံယူဖို့ ဝန်မလေးဘူး”လို့ ရေးသားထားတာကို တွေ့ရပါတယ်။ ဒီပို့စ်ကိုတော့ အွန်လိုင်းအသုံးပြုသူတွေက စိတ်မကောင်းခြင်းများစွာနဲ့ မျှဝေနေဆဲပါ။