ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ? (ဒီဇင်ဘာ ၂၃ ရက်ကနေ ၂၈ ရက်နေ့အထိ)
ဒီတစ်ပတ်(ဒီဇင်ဘာ ၂၃ ရက်ကနေ ၂၈ ရက်နေ့အထိ)ဟာ ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးပတ်လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ထဲ အရင်ပတ်တွေကနဲ့မတူဘဲ အစောပိုင်းရက်တွေမှာ သတင်းထူးတွေဖြစ်ပေါ်ခဲ့တာ တွေ့ရပြီး နောက်ပိုင်းရက်တွေမှာ သတင်းတွေ အေးနေခဲ့ပါတယ်။ အဲဒီထဲ လူထုစိတ်ဝင်စားမှုရှိခဲ့တဲ့သတင်းတွေကတော့ အောင်ပွဲဆက်နေတဲ့ AA မြို့တော်ကို စစ်တွေကို ဆက်တိုက်တဲ့သတင်း၊ ချင်းပြည်မှာလည်း ရခိုင်နည်းတူ ဖလမ်းကို ဆက်သိမ်းဖို့ လှမ်းနေပြီး စခန်းတစ်ခုပဲကျန်ပါတော့တယ်။ ဒီလိုမြို့တွေ ဆက်တိုက်သိမ်းခံနေရတဲ့အပြင် ဆက်သိမ်းခံရတော့မှာဖြစ်ပေမဲ့ စစ်ခေါင်းဆောင်နှစ်ယောက်ကတော့ ပွဲတက်မပြတ်ဘဲ ရှိနေခဲ့ကြပါတယ်။ နောက်ပြီး အမြန်လမ်းပေါ်အထိ ရောက်လာပြီး ပြည်သူတွေကို အေးအေးလူလူ သတိပြုသွားလာကြဖို့ ပြောနေတဲ့ PDF တွေရဲ့ပုံရိပ်တွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အဲဒီလိုသတင်းတွေနဲ့အတူ ဆယ်လီဖြူဖြူထွေးရဲ့ ပရုတ်ဆီကြော်ငြာဂယက်သတင်းတွေကို အနှစ်ချုပ်ဖော်ပြထားပါတယ်။
“၂၀၂၅ ရခိုင်တစ်ပြည်လုံးသိမ်းနိုင်ရေး အရှိန်ပြင်းပြင်းရှေ့ဆက်နေတဲ့ အာရက္ခတပ်တော်”
ဒီနှစ် ၂၀၂၄ ရဲ့ နောက်ဆုံးလ ဒီဇင်ဘာထဲ အာရက္ခတပ်တော် AA တို့ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်က နောက်ဆုံးမြို့ မောင်တော၊ ပဲခူးအစပ်က တောင်ကုတ်နဲ့ မကွေးအစပ်က အမ်းတို့ကို ဆက်တိုက်သိမ်းနိုင်ခဲ့ပါတယ်။
အဲဒီက စခန်းကြီးတွေဖြစ်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)၊ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်(နခခ-၅)နဲ့ အမှတ် ၅ စစ်ဆင်ကွပ်ရေးဌာနချုပ်(စကခ-၅)တို့ကို တိုက်ခိုက်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါတင်မက ဧရာဝတီတိုင်းအစပ်က ဂွမြို့ကိုလည်း ဆက်လက်ထိုးစစ်ဆင်နေပြီး ဂွမြို့ပေါ်က စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သလို မကြာမီ ဂွတစ်မြို့နယ်လုံးကို သိမ်းပိုက်နိုင်တော့မယ်လို့ AA ရဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ထုတ်ပြန်ချက်ထဲ ထည့်ပြောထားပါတယ်။
တပြိုင်နက်တည်းမှာပဲ လက်ကျန်မြို့နယ်သုံးခုထဲကတစ်ခုဖြစ်တဲ့ မြို့တော် စစ်တွေကို ဒီတစ်ပတ် ဒီဇင်ဘာလ ၂၇ ရက် သောကြာနေ့ကစတင်ပြီး AA က ထိုးစစ်ဆင်တိုက်ခိုက်ပါတယ်။
AA တပ်တွေဟာ စစ်တွေမြို့က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ကို ဒီနှစ် ဇူလိုင်လကတည်းက ဖြတ်တောက်ပိတ်ဆို့ထားတယ်လို့ AA က ပြောထားပါတယ်။
အဲဒီနောက် ယမန်နေ့ မနက်အစောပိုင်းကစတင်ပြီး ဒကစတပ်နယ်မြေထဲမှာတည်ရှိပြီး စစ်တွေမြို့အဝင်က စစ်ဆေးရေးဂိတ်တွေထဲမှာ အတင်းကျပ်ဆုံးဂိတ်လည်းဖြစ်တဲ့ ကျားမသောက်ကျေးရွာအနီးက ကျောက်တန်းစစ်ဆေးရေးဂိတ်ကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ညနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါကြောင့် ကျားမသောက်၊ ကျောက်တန်းကြီးနဲ့ ကျောက်တန်းချေကျေးရွာတို့က ဒေသခံတွေ စစ်ရှောင်နေကြရပြီး နှစ်ဖက်လက်နက်ကြီးကျယ်တွေကြောင့် နေအိမ်နဲ့ အဆောက်အအုံတွေ ထိမှန်ပျက်စီး မှုတွေရှိတယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း စစ်တွေမြို့နယ်ထဲက မွတ်ဆလင်ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ နေအိမ်တွေကနေ တစ်အိမ် တစ်ယောက် စစ်မှုထမ်းရမယ်လို့ ရခိုင်ပြည် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက အမိန့်ပေးထားတယ်လို့ သိရပါတယ်။
ဒီအကြောင်း အဲဒီက မွတ်ဆလင်လူကြီးတွေကို ဒီဇင်ဘာလ တတိယပတ်မှာ စစ်ကောင်စီဘက်က အစည်းအဝေးလုပ် ခေါ်ပြောပြီးနောက် စစ်သားစုဆောင်းမှုတွေ လုပ်လာတယ်လို့ CJ Platform ရဲ့ သတင်းရင်းမြစ်တွေဆီကနေ စုံစမ်းသိရှိထားရပါတယ်။
ကျန်ခဲ့တဲ့တစ်ပတ်အတွင်းမှာတင် မွတ်ဆလင် အယောက် ၁၀၀ ခန့်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်က စုဆောင်းပြီးပြီလို့လည်း သတင်းရရှိထားပါတယ်။
ရခိုင်ဒေသတစ်ခုလုံးမှာ စစ်ကောင်စီတပ်တွေအားလုံး ကင်းစင်သွားတဲ့အထိ ချေမှုန်းတိုက်ခိုက်သွားမယ်လို့ ဒီနှစ် ၂၀၂၄၊ ဇူလိုင်လ ၇ ရက်နေ့တုန်းက AA က ပြောဆိုထားပါတယ်။
ဒီကတိနဲ့အတူ သူတို့ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ပြောထားတဲ့ ၂၀၂၅ ခုနှစ်မှာ ရခိုင်ပြည်အလုံးစုံလွတ်လပ်ဖို့အရေး နားလည်ရပါတယ်။
“အဓိကမြို့ကြီးနှစ်ခုသိမ်းပြီး နောက်တစ်ခုထပ်လှမ်းနေတဲ့ ချင်းညီနောင်များ”
ရခိုင်လိုပဲ မြန်မာပြည်အနောက်ပိုင်းက ဒေသတစ်ခုဖြစ်တဲ့ ချင်းပြည်မှာလည်း တော်လှန်ရေးအောင်ပွဲတွေဆက်နေသလို ရှေ့ဆက်ပြီးလည်း ထိုးစစ်တွေ အရှိန်ပြင်းပြင်းနဲ့ လုပ်ဆောင်နေကြပါတယ်။
ချင်းညီနောင်နဲ့ ပူးပေါင်းတပ်တွေဟာ ဒီဇင်ဘာ ၂၁ ရက်မှာ မင်းတပ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကန်ပက်လက် စတဲ့ချင်းပြည်မြို့ကြီးတွေကို ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
CDF-မင်းတပ်က ဒီဇင်ဘာ ၂၃ ရက် တနင်္လာနေ့ မနက်ပိုင်းမှာ သိမ်းပိုက်ထားတဲ့ ခလရ-၂၇၄ တပ်ရင်းထဲမှာ ချင်းပြည်အလံလွှင့်ထူခဲ့ကြတဲ့ ရုပ်သံဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီမြို့သိမ်းတိုက်ပွဲတွေထဲကနေ စစ်ကောင်စီက မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဥ်းသား ၁၇ ဦး ပြန်လည်လွတ်မြောက်လာတယ်လို့ ချင်းညီနောင်ပြန်ကြားရေးအဖွဲ့က ပြောထားပါတယ်။
အဲဒီထဲ မင်းတပ်မြို့က နိုင်/ကျဥ်း ၁၃ ဦး၊ ကန်ပက်လက်က နိုင်/ကျဥ်း နှစ်ဦးအပါအဝင် လေးဦးတို့ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနှစ်မြို့သိမ်းအပြီး နောက်ရက်မှာပဲ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေတယ်လို့ တနင်္လာနေ့ မနက်ပိုင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ချင်းညီနောင်က တာဝန်ရှိသူတစ်ဦးက ပြောသွားပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက သိမ်းပိုက်ခဲ့တဲ့ မင်းတပ်မြို့နဲ့အတူ နိုဝင်ဘာ ၉ ရက်နေ့မှာစတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သုံးရက်အကြာ နိုဝင်ဘာ ၁၂ ရက်နေ့မှာ ဖလမ်းမြို့ပေါ်က ရဲစခန်း၊ ထွေ/အုပ်ရုံးနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ချင်းညီနောင်တပ်တွေ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အဲဒီက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံတွေအနေနဲ့ အမြန်ဆုံးလက်နက်ချအလင်းဝင်ဖို့လည်း ချင်းညီနောင်တပ်တွေက ဆော်ဩထားပါတယ်။ လက်ရှိအချိန်ထိ ဖလမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးရမိထားတယ်လို့ ချင်းညီနောင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
လက်ရှိ ဖလမ်းမြို့မှာ စစ်တပ်ကုန်းတစ်ခုပဲ ကျန်ရှိတော့တယ်လို့ ချင်းညီနောင်က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
လက်ရှိ ချင်းပြည်မှာ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ကျင်ဒွေးနဲ့ မကွီးအိမ်နူးမြို့တွေကို ချင်းညီနောင်တပ်က ထိန်းချုပ်ထားပြီး တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ရိဒ်ခေါဒါရ်မြို့၊ လိုင်လင်းပီမြို့၊ နှာရိန်မြို့၊ ရေဇွာမြို့၊ ဝေဘူလမြို့၊ ဆူခွာမြို့တွေကို CC ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပါတယ်။ ပလက်၀မြို့နဲ့ ဆမီးမြို့တို့ကိုတော့ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။
“အဓိကမြို့ကြီးတွေသိမ်းပိုက်ခံနေရချိန် ပွဲတက်မပြတ်တဲ့ စစ်ခေါင်းဆောင် နှစ်ဦး”
ဒီဇင်ဘာတစ်လအတွင်း မြန်မာပြည်အနောက်ပိုင်းက ရခိုင်နဲ့ ချင်းပြည်တို့မှာ အဓိက မြို့ကြီး ငါးမြို့အထိ စစ်ကောင်စီက လက်လွှတ်ခဲ့ရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒုခေါင်းဆောင် စိုးဝင်းတို့ကတော့ ပွဲတက်မပျက်သေးပါဘူး။
ဒီတစ်ပတ်ထဲတော့ မင်းအောင်လှိုင်ဟာ ရန်ကုန်မှာ ပွဲတကာလှည့်တက်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ဒီဇင်ဘာ ၂၃ ရက် တနင်္လာနေ့က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) စစ်ရေးပြကွင်းမှာ ကျင်းပတဲ့ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
အဲဒီပွဲထဲက မိန့်ခွန်းတွေထဲ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့အပြင် သင်တန်းဆင်း အမျိုးသမီးအရာရှိတွေကို တိုက်ပွဲဝင်ဖို့ အသင့်ပြင်ဆင်ထားဖို့ ပြောဆိုသွားပါတယ်။
နောက်ပြီး တပ်ရဲ့ အင်အားဟာ စည်းလုံးညီညွတ်မှုအပေါ်အခြေခံတာကြောင့် တပ်တွင်းစည်းလုံးညီညွတ်မှုရှိပါက ဘယ်သူကမှဖြိုခွဲလို့ရမှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင်က ပြောသလို တပ်ပြင်စည်းရုံးရေးကိုလည်း တိုးမြှင့်ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို မင်းအောင်လှိုင် ဆက်တက်ခဲ့ပါတယ်။
တနင်္လာနေ့တစ်ရက်တည်းမှာပဲ ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နဲ့ ပြည်သူ့ရင်ပြင်ပန်းခြံအကြား၊ ဦးဝိစာရလမ်းမှာ ဖောက်လုပ်ထားတဲ့ မြန်မာ့ဒုတိယမြောက် မြေအောက်လမ်းကူးဥမင်ဖွင့်ပွဲကို သူ ဆက်လက်တက်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်တည်ဆောက်ခဲ့တဲ့ ဒီဥမင်မှာ ပင်မဥမင်အမြင့် ၁၁ ပေ၊ အကျယ် ၂၃ ပေ၊ ဥမင်အလျား ၄၆၁ ပေရှိပြီး ဝင်ပေါက်/ထွက်ပေါက် ၄ ခု၊ ရွေ့လျားစက်လှေကား ၄ စင်း၊ ဓာတ်လှေကား ၂ စင်းတို့ကို ထည့်သွင်းတည်ဆောက်ထားပြီး တစ်နာရီကို လူ ၁၄,၀၀၀ ဦးခန့် ဖြတ်သန်းသွားလာနိုင်တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။
နောက်တစ်ရက် အင်္ဂါနေ့မှာတော့ သန်လျင်မြို့နယ်အတွင်း ၇၇ နှစ်မြောက် ရေတပ်နေ့အခမ်းအနားတွေကို တက်ရောက်ခဲ့ပါတယ်။ အဲဒီထဲ အမှတ်(၃)ရေတပ်ဆိပ်ခံတံတားမှာကျင်းပတဲ့ (၆၃)မီတာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်နှစ်စင်း တပ်တော်ဝင်တဲ့အခမ်းအနားနဲ့ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှာပြုလုပ်တဲ့ မြန်မာ့အကြီးဆုံး စစ်ရေယာဉ် ‘သာလွန်မင်း’ အမည်ပေး၊ ရေချပွဲကို တက်ရောက်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်က စတင်တည်ဆောက်ခဲ့တဲ့ ဒီစစ်ရေယာဉ်ဟာ အလျား ၁၃၅ မီတာ၊ အနံ ၁၄ ဒသမ ၅ မီတာ၊ အမြင့် ၉ မီတာ၊ ရေစူး ၄ ဒသမ ၁ မီတာ၊ ဝန်ပြည့်အလေးချိန် ၃၅၀၀ တန်ရှိပြီး အမြန်နှုန်း ၁ နာရီကို ရေမိုင် ၃၀ အထိမောင်းနှင်နိုင်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။
သာလွန်မင်းစစ်ရေယာဉ်ဟာ ရေတပ်တည်ဆောက်ခဲ့တဲ့ စစ်ရေယာဉ်များအနက် အရွယ်အစားအကြီးမားဆုံးဖြစ်ပြီး ခေတ်အမီဆုံး စစ်ရေယာဉ်တစ်စီးဖြစ်တယ်လို့လည်း ပြောထားပါသေးတယ်။
စစ်ကောင်စီရေတပ်ဟာ မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်ကို အပြည့်အဝကာကွယ်နိုင်တဲ့ သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိပြီး တိုက်ပွဲဝင်အသင့်ဖြစ်နေတဲ့ ရေတပ်အဖြစ် တက်လှမ်းနိုင်ခဲ့တာကြောင့် မြန်မာ့ပင်လယ်ပြင်နဲ့ ဆက်စပ်ပင်လယ်ပြင်တွေကို ဖြန့်ကျက်နိုင်စွမ်းရှိတဲ့ ရေတပ်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသွားပါတယ်။
တဖန် ဒုစစ်ခေါင်းဆောင် စိုးဝင်းကလည်း ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့က ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနဲ့ ဆေးဘက်ပညာတက္ကသိုလ် စစ်ရေးပြကွင်းမှာ ကျင်းပတဲ့ တပ်မတော်သူနာပြုနဲ့ ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနဲ့ ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၂၂)နဲ့ အမျိုးသမီး သူနာပြုနဲ့ ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၉) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနဲ့ ညစာစားပွဲတွေ တက်ခဲ့ပါတယ်။
အဲဒီနေ့ မွန်းလွဲပိုင်းမှာပဲ ဒုစစ်ခေါင်းဆောင်ဟာ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)ရှိရာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို သွားရောက်ခဲ့ပြီး နယ်မြေခံသင်တန်းကျောင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းသားတွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။
“အမြန်လမ်းပေါ်ထိရောက်လာတဲ့ PDF တွေ”
ဒီတစ်ပတ်ထဲ လူထုစိတ်ဝင်စားခဲ့တဲ့သတင်းတွေထဲ PDF တွေ အမြန်လမ်းတစ်နေရာမှာ ပြည်သူတွေကို ကားတွေရပ်တန့်စေပြီး တိုက်ပွဲတွေရှိလာနိုင်လို့ သတိရှိကြဖို့ ပြောနေတဲ့ ရုပ်သံဖိုင်တစ်ခုဖြစ်ပါတယ်။
ဒါကို တနင်္လာနေ့ မနက်ပိုင်းမှာ နွားထိုးကြီး PDF မြင်းခြံခရိုင် အမှတ် (၄-၁၀)တပ်ရင်းက ရန်ကုန်-မန္တလေးအမြန်လမ်း၊ မန္တလေးနဲ့ မိတ္ထီလာကြား၊ မိုင်တိုင်အမှတ် ၃၁၈ ဝန်းကျင်မှာ ပြုလုပ်ခဲ့ကြတာပါ။
အမြန်လမ်းပေါ်မှာ ကားတွေကို သတိဝိရိယနဲ့ မောင်းကြဖို့၊ တိုက်ပွဲတွေဖြစ်မဖြစ် သတိပြုသွားလာကြဖို့၊ အိမ်စီးကားတွေ ကားမှန်ချမောင်းပေးကြဖို့ PDF တစ်ဦးက အသိပေးပြောကြားခဲ့ပါတယ်။
နောက်ပြီး ရန်ကုန်-အမြန်လမ်းပေါ်မှာ တိုက်ပွဲတွေမကြာခင်ဖော်ဆောင်တဲ့အခါ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း ထည့်သွင်းပြောကြားသွားပါတယ်။
အဲဒီလို လုပ်ဆောင်အပြီး ရန်ကုန်-မန္တလေးအမြန်လမ်းနဲ့ ၁၀ မိုင်အကွာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ထဲက ဒေါင်ဘိုးရွာကို တနင်္လာနေ့ ညပိုင်းမှာပဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အဲဒီအဖွဲ့ဆီကနေ သိရပါတယ်။
ဒီဗုံးကြဲမှုအတွင်း အရပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ နွားထိုးကြီး PDF မြင်းခြံခရိုင် အမှတ် (၄-၁၀)တပ်ရင်းက ဆိုပါတယ်။
“ဝေဖန်မှုနဲ့ ကျော်ကြားနေတဲ့ ဖြူဖြူထွေး တောင်းပန်နေပြန်”
နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီးပြုမူပုံတွေကြောင့် ပရိသတ်ဝေဖန်မှုအများအပြားခံနေရတဲ့ ဆယ်လီဖြူဖြူထွေးဟာ ပြီးခဲ့တဲ့အပတ်ထဲမှာလည်း အွန်လိုင်းမှာတင်ခဲ့တဲ့ ဆေးပရုတ်ဆီကြော်ငြာကြောင့် အပြင်းအထန်ဝေဖန်ခံနေရပါတယ်။
”ဟောင်စု” ပရုတ်ဆီဆေးကြော်ငြာထဲ နေပြည်တော်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို သရော်တဲ့အနေနဲ့ မြန်မာအမျိုးသမီးထောင်သားတွေသာ ဝတ်ဆင်ရလေ့ရှိတဲ့ အဖြူရောင်ဝမ်းဆက်ကို ဖြူဖြူထွေးက ဝတ်ဆင်ထားတာတွေ့ရပါတယ်။
နောက်ပြီး ဇာတ်ညွှန်းဒိုင်ယာလော့ထဲ ၇၉ နဲ့ ဒိုးတော့လို့ ပြောဆိုပုံ၊ ”ဟောင်စု” ဆိုတဲ့ဆေးပရုတ်ဆီကြော်ငြာဗီဒီယိုအတွက် “ခြံစည်းရိုးကြီးမယ်တော်ဟောင်စုဘဝ” လို့ ဇာတ်ညွှန်းနဲ့မဆိုင်ဘဲ Caption ရေးသားခဲ့တာတွေကို အဓိကထား ဝေဖန်ခဲ့ကြသလို တချို့လည်း ကြော်ငြာတစ်ခုလုံးကို ထောက်ပြဝေဖန်ထားတာလည်း တွေ့ရပါတယ်။
ဒီလိုအပြင်းအထန်ဝေဖန်ခံခဲ့ရတာကြောင့် ဒီဇင်ဘာ ၂၅ ရက်၊ ခရစ်စမတ်နေ့၊ ဗုဒ္ဓဟူးနေ့မှာ အွန်လိုင်းကနေ ရုပ်သံနဲ့တကွ ဆယ်လီဖြူဖြူထွေးက ဇာတ်ညွှန်းရေးဆရာနဲ့အတူ ပြန်လည်တောင်းပန်ကြောင်း ပြောကြားခဲ့ကြပါတယ်။
“မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုစိတ်၊ နစ်နာလိုစိတ် ရိုက်ခဲ့တာမဟုတ်ဘူး” လို့ ဖြူဖြူထွေးက ပြောပါတယ်။
ဒီကြော်ငြာကို ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်ကနေ ဖျက်လိုက်ပြီလို့လည်း ဖြူဖြူထွေးက ပြောသွားပါတယ်။
ဖြူဖြူထွေးဟာ နွေဦးတော်လှန်ရေးအစောပိုင်းကာလတွေမှာ လက်သုံးချောင်းထောင်တဲ့ပုံကို တင်ခဲ့ရုံသာရှိပြီး သူမကို တော်လှန်ရေးနဲ့ပတ်သက်ပြီး ဝေဖန်သူတွေကို အာဏာသိမ်းတာ မဟုတ်ဘဲ တစ်နှစ်ပဲ အာဏာထိန်းတာလို့ တုံ့ပြန်ပြောဆိုခဲ့သူဖြစ်ပါတယ်။
ဒါကြောင့် အပြင်းအထန်ဝေဖန်ခံရတဲ့အပြင် သူမပရိသတ်တွေအပါအဝင် လူထုရဲ့ လူမှုရေးပြစ်ဒဏ်ခတ်ခံရတဲ့အတွက် လူမြင်ကွင်းကနေ အချိန်တော်ကြာ ပျောက်ကွယ်ခဲ့ရပါတယ်။
အဲဒီနောက် ဆင်းရဲနွမ်းပါးသူတွေကို အလှူပေးတဲ့ ဗီဒီယိုဖိုင်တွေနဲ့အတူ အွန်လိုင်းပေါ်ကို တစ်ကျော့ပြန်လာခဲ့တာဖြစ်ပါတယ်။