အိန္ဒိယမှာ Google Maps ကြောင့် ဆောက်လက်စ တံတားပေါ်က ကားပြုတ်ကျပြီး လူသုံးဦး သေဆုံးခဲ့မှုအတွက် Google ကို တရားစွဲ

Author CJ Platform
Categories
Published on Nov 29, 2024

အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က ကားတစ်စီးဟာ ဂူဂဲလ်လမ်းပြမြေပုံ (Google Maps) အတိုင်း မောင်းနှင်ရင်း ဆောက်လက်စ တံတားပေါ်က ပြုတ်ကျခဲ့ပြီး လူသုံးဦး သေဆုံးခဲ့တဲ့ အတွက် အာဏာပိုင်တွေဟာ Google က တာဝန်ရှိသူတစ်ဦးနဲ့ လမ်းဌာနက အင်ဂျင်နီယာ လေးဦးတို့ကို လူသေစေမှုအတွက် အမှုဖွင့်ထားတယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

အဲဒီ ဆောက်လက်စ တံတားဟာ အခုနှစ်အစောပိုင်းကတည်းက ရေတိုက်စားမှုကြောင့် တံတားအစိတ်အပိုင်းတချို့ ရေစီးထဲ မျောပါပျက်စီးခဲ့တာကို ဒေသခံတွေလောက်ကပဲ သိရှိထားပြီး အခုပြုတ်ကျခဲ့တဲ့သူတွေဟာ တခြားဒေသက လာတာဖြစ်တဲ့အတွက် Google Maps လမ်းညွှန်တဲ့ အတိုင်း မောင်းနှင်ရင်း တံတားပေါ်ကနေ ပြုတ်ကျခဲ့တာလို့လည်း သိရှိရပါတယ်။

 

ဒါ့အပြင် တံတားပျက်စီးနေတဲ့အကြောင်း လမ်းညွှန်ဆိုင်းဘုတ်တွေ၊ အတားအဆီးတွေလည်း မရှိတာကြောင့်  အိန္ဒိယနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး အခြေခံအဆောက်အအုံတွေ အားနည်းနေတာကို မြင်သာစေခဲ့သလို တစ်ကမ္ဘာလုံးမှာ အသုံးပြုနေတဲ့ Google Maps လိုမျိုး လမ်းညွှန် Apps တွေရဲ့ တာဝန်ရှိမှုအပေါ် ဝေဖန်ဆွေးနွေးမှုတွေလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။

 

ဖြစ်စဉ်ဟာ ငါးရက်ကြာခဲ့ပြီဖြစ်ပေမဲ့ ရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေသလို နစ်နာသူတွေဟာ Google Maps ရဲ့ လမ်းညွှန်မှုကြောင့်သာ အဲဒီလမ်းအတိုင်းသွားခဲ့တာ ဖြစ်တယ်လို့လည်း ယုံကြည်ယူဆနေပါတယ်။ ဂူဂဲလ်ဘက်လည်း စုံစမ်းစစ်ဆေးမှုတွေကို ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။

 

Google Maps မှာ အိန္ဒိယနိုင်ငံမှာ အသုံးအများဆုံး လမ်းညွှန် App တစ်ခုဖြစ်ပြီး ခရီးသွားလာရေးတွေ၊ အွန်လိုင်းရောင်းဝယ်ရေးတွေနဲ့ အစားအသောက်ပို့ဆောင်ရေး ပလက်ဖောင်းတွေမှာ အဓိကထား အသုံးပြုကြတယ်လို့ သိရပါတယ်။ အိန္ဒိယမှာ Google Maps အသုံးပြုသူပေါင်း သန်း ၆၀ ဝန်းကျင် ရှိပြီး နေ့စဉ် ရှာဖွေသွားလာမှုပေါင်း သန်း ၅၀ ဝန်းကျင်ရှိတယ်လို့လည်း ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာလည်း မဟာရာရှတပြည်နယ်မှာ လူတစ်ဦးက Google Maps ရဲ့ လမ်းညွှန်ချက်အတိုင်း မောင်းနှင်ရင်း ဆည်ထဲကားပြုတ်ကျပြီး သေဆုံးဖူးသလို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာလည်း ကီရာလာပြည်နယ်က လူငယ်ဆရာဝန်နှစ်ဦးဟာ Google Maps မှာပြတဲ့အတိုင်း မောင်းနှင်ရင်း မြစ်ထဲမျောပါပြီး သေဆုံးခဲ့တာမျိုးလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။

 

ရဲတပ်ဖွဲ့ကတော့ သူတို့နှစ်ဦးဟာ အခြားသူတွေက ရေကျော်နေတဲ့လမ်းကို မသွားဖို့ တားမြစ်ကြပေမဲ့ Google Maps ကို အားကိုးလွန်းပြီး မြေပုံမှာပြထားတဲ့လမ်းကို ဖြတ်မောင်းရင်း မြစ်ထဲ မျောပါသွားတာလို့ ဆိုခဲ့ပါတယ်။

 

အိန္ဒိယနိုင်ငံရဲ့ သတင်းအချက်အလက်နည်းပညာ (IT) ဥပဒေအရ Google Maps ဟာ ကြားခံပလက်ဖောင်း တစ်ခုသာ ဖြစ်တဲ့အတွက် တိုက်ရိုက်တာဝန်ရှိမှုကနေ ကင်းလွတ်နိုင်ပေမဲ့ အချိန်မီပေးပို့ထားတဲ့ အချက်အလက်တွေကို မြေပုံပေါ်မှာ ပြင်ဆင်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုတာကို သက်သေပြနိုင်ရင်တော့ တာဝန်ပေါ့လျော့မှုနဲ့ တရားစွဲဆိုနိုင်တယ်လို့လည်း သိရပါတယ်။

 

Google Maps ဟာ အခြေခံအားဖြင့် သုံးစွဲသူတွေရဲ့ GPS အချက်အလက်တွေကို စုဆောင်းပြီး သုံးစွဲသူ များနေတဲ့အခြေအနေမျိုးကို ခြေရာခံမိရင် ယာဉ်ကြောပိတ်ဆို့တယ် ဒါမှမဟုတ် သုံးစွဲသူနည်းနေရင်တော့ ယာဉ်ကြောရှင်းတယ် စသဖြင့် သတ်မှတ်တာမျိုး ဖြစ်ပါတယ်။

 

ဒါ့အပြင် အစိုးရတွေရဲ့ တရားဝင်အကြောင်းကြားမှုတွေ၊ သုံးစွဲသူတွေရဲ့ တင်ပြမှုတွေ၊ ဂြိုလ်တု ဓာတ်ပုံတွေနဲ့ Google Street View က ဓာတ်ပုံတွေကိုပါ စိစစ်ပြီးတော့လည်း လမ်းညွှန်မှုတွေကို လုပ်ဆောင်လေ့ရှိပါတယ်။

 

လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ အိန္ဒိယနိုင်ငံမှာ အချက်အလက်တွေကို အချိန်နဲ့ တပြေးညီ ပြင်ဆင်မွမ်းမံနိုင်ဖို့အတွက် စနစ်ကျတဲ့ အစီအစဉ်တွေ မရှိသေးတာကြောင့် အခုလိုမျိုး မတော်တဆမှုတွေ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

 

ဓာတ်ပုံ – ANI

 

ပုံစာ- ကားပြုတ်ကျခဲ့တဲ့ တံတားပျက်ကို တွေ့မြင်ရစဉ်

 

ကိုးကား – BBC

 

Related News

Depend on news