UNRWA ကို ဟားမက်စ်ကူညီမှုနဲ့ နိုင်ငံတွင်း ဝင်ခွင့် အစ္စရေး လွှတ်တော် ပိတ်၊  ပါလက်စတိုင်းဒုက္ခသည်တွေ ပိုခက်ခဲလာနိုင်

Author အဂ္ဂ
Categories
Published on Oct 29, 2024

ပါလက်စတိုင်းဒုက္ခသည်တွေကို ကူညီပေးဖို့ ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂလက်အောက်ခံ ကူညီကယ်ဆယ်ရေးနဲ့ အလုပ်အဖွဲ့အေဂျင်စီ(UNRWA)ကို အစ္စရေးနိုင်ငံအတွင်း လည်ပတ်ခွင့် မပြုဖို့ အစ္စရေးလွှတ်တော်က ယမန်နေ့ အောက်တိုဘာ ၂၈ ရက်မှာ ဆုံးဖြတ်လိုက်တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေမှာ ဖော်ပြပါတယ်။

 

ထောင်နဲ့ချီတဲ့ UNRWA ရဲ့ ဝန်ထမ်းတွေထဲက ဝန်ထမ်းတချို့ဟာ ယမန်နှစ် အောက်တိုဘာ ၇ ရက်နေ့က ဟားမက်စ်တို့ရဲ့ အစ္စရေး ဝင်ရောက်တိုက်ခိုက်မှုကို ကူညီပေးခဲ့သလို တချို့ကလည်း ဟားမက်စ်အပါအဝင် လက်နက်ကိုင်အဖွဲ့တချို့မှာ ပါဝင်နေတာကြောင့် အစ္စရေးလွှတ်တော်က အခုလိုမျိုး ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။

 

“အစ္စရေးအပေါ်ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်နေတဲ့ UNRWA ဝန်ထမ်းတွေဟာ သူတို့လုပ်ရပ်တွေအတွက် တာဝန်ခံရပါမယ်” လို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု(Benjamin Netanyahu)က ပြောပါတယ်။

 

UNRWA ရဲ့ အကြီးအကဲ ဖီလစ်ပီလာဇာရာနီ (Philippe Lazzarini)ကတော့ အဲဒီလို မဲခွဲဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂ ပဋိညာဉ်ကို ဆန့်ကျင်ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောဆိုပါတယ်။

 

“ဒါဟာ ပါလက်စတိုင်းဒုက္ခသည်တွေအတွက် လူသားစာနာအကူအညီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဝန်ဆောင်မှုတွေ လုပ်ဆောင်ပေးနေတဲ့ UNRWA ရဲ့ အခန်းကဏ္ဍကို တရားမဝင်အောင်နဲ့ UNRWA ကို သိက္ခာကျအောင် စည်းရုံးလှုံဆော်နေတာပဲ ဖြစ်တယ်” လို့ လူမှုကွန်ရက် X မှာ ၎င်းက ရေးသားခဲ့ပါတယ်။

 

အစ္စရေးလွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်တဲ့ ယမန်နေ့မှာပဲ အစ္စရေးစစ်တပ်က ပြန်လည်စုဖွဲ့နေတဲ့ ဟားမက်စ်တွေကို ချေမှုန်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တင့်ကားတွေဟာ ဂါဇာမြောက်ပိုင်းကို ပိုပြီး ထိုးဖောက်ဝင်ရောက်ခဲ့တာကြောင့် အရပ်သား တစ်သိန်းဝန်းကျင်လည်း ပိတ်မိနေတယ်လို့ ပါလက်စတိုင်း အရေးပေါ်ဌာနက ပြောပါတယ်။

 

အစ္စရေးထိုးစစ်ကြောင့် ပိတ်မိနေတဲ့ အရပ်သား တစ်သိန်းဝန်းကျင်ဟာ ဂျဘာလီယာ၊ ဘိတ်လာဟီယာနဲ့ ဘိတ်ဟာနိုအွန် နေရာတွေမှာ ပိတ်မိနေတာဖြစ်ပြီး ဆေးဝါးနဲ့ အစားအသောက်တွေဘာမှ မရှိဘဲ ပိတ်မိနေတာလို့လည်း ဆိုပါတယ်။

 

ဂျာဘာလီယာ ဒုက္ခသည်စခန်းတွင်းမှာရှိတဲ့ ဆေးရုံကို ဝင်ရောက်စီးနင်းမှုအတွင်းမှာ စစ်သွေးကြွလို့ သံသယရှိသူ တစ်ရာဝန်းကျင်ကို ဖမ်းဆီးရမိတယ်လို့လည်း အစ္စရေးစစ်တပ်ဘက်က ထုတ်ပြန်ပြောဆိုပေမဲ့ ဟားမက်စ်နဲ့ ဆေးပညာရှင်တွေကတော့ ဆေးရုံမှာ စစ်သွေးကြွတွေ ရှိနေတဲ့ ကိစ္စကို ကိုယ်စီငြင်းဆိုခဲ့ကြပါတယ်။

 

ယမန်နေ့က အစ္စရေးစစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၉ ဦးသေဆုံးခဲ့ရပြီး ယမန်နေ့အထိ ဂါဇာဒေသမှာ အစ္စရေးတို့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ၄၃,၀၀၀ ကျော်ရှိပြီလို့လည်း ဂါဇာကမ်းမြောင်ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

 

လက်ရှိမှာတော့ အစ္စရေးတပ်တွေဟာ ဂါဇာမြောက်ပိုင်းကို သုံးပတ်ကြာထိုးစစ်ဆင်မှုတွေ စတင်လုပ်ဆောင်နေတာကြောင့် ဝန်ဆောင်မှုအားလုံးရပ်နားထားရတယ်လို့လည်း  အရေးပေါ်ဌာနက ပြောပါတယ်။

 

အစ္စရေးလွှတ်တော်က UNRWA ကို နိုင်ငံတွင်း လှုပ်ရှားခွင့်ပိတ်လိုက်တဲ့အပြင် အစ္စရေးအာဏာပိုင်တွေကို UNRWA နဲ့ပါ ဆက်ဆံခွင့်ပိတ်ပင်ခဲ့တာကြောင့် အစ္စရေးတို့ သိမ်းပိုက်ထိန်းချုပ်ရာဒေသတွေမှာ ရှိနေတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ရရှိနိုင်မှုကို အစ္စရေး မဟာမိတ်တွေဖြစ်တဲ့ အနောက်နိုင်ငံတွေကလည်း စိုးရိမ်နေပါတယ်။

 

 

 

ဓာတ်ပုံ- Omar Al-Qattaa/AFP/Getty Images

 

ပုံစာ- ဂါဇာအလယ်ပိုင်းဒေသမှာ UNRWA ကထောက်ပံ့ပေးတဲ့အကူအညီပစ္စည်းတွေကို သယ်ဆောင်လာတဲ့ ကောင်လေးတစ်ယောက်ကို ဩဂုတ်လ ၂၇ ရက်နေ့က တွေ့ရစဉ် (ပုံဟောင်း)

 

ကိုးကား- Reuters, CNN