ထီးလင်း၊ ကျားခဲရွာ စစ်ကောင်စီတပ် ဝင်စီးခံရမှုအတွင်း သတ်ဖြတ်ခံရသူ PDF ၅ ဦးအတွက် ဈာပနအခမ်းအနားမလုပ်ပေးနိုင်သေး ဒီဖြစ်စဉ်ကြောင့် ရွာလုံးကျွတ်တိမ်းရှောင်နေရ
မကွေးတိုင်း၊ ယောနယ်ထဲက ထီးလင်းမြို့နယ်၊ ကျားခဲရွာကို စစ်ကောင်စီစစ်ကြောင်းရဲ့ ၀င်ရောက်စီးနင်းခံခဲ့ရမှုအတွင်း သတ်ဖြတ်ခံခဲ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ငါးဦးအတွက် ဈာပနအခမ်းအနားကို ဒီကနေ့အထိ မလုပ်ပေးနိုင်သေးဘူလို့ သိရပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့က ထီးလင်းမြို့ကနေ ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေပါဝင်တဲ့ စစ်ကြောင်းဟာ မြို့တောင်ဘက် လေးမိုင်ခန့်အကွာက ကျားခဲရွာကို အဲဒီနေ့ မနက် ၄ နာရီခန့်မှာ အလစ်အငိုက် ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
“ရွာကိုသီးသန့်လာတာပါဗျ။ ပြီးတော့ မြို့နဲ့ ငါးမိုင်ပတ်လည်ရွာတွေကို စစ်ကြောင်းထိုးဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ တပ်တွင်းသတင်းတွေအရသိရပါတယ်ဗျ” လို့ သူက ပြောပါတယ်။
အဲဒီစီးနင်းမှုထဲ ကျေးရွာမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ပကဖရဲဘော် လေးဦးနဲ့ ခရိုင်တပ်ရင်း ၂ က ရဲဘော် တစ်ဦးတို့ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အပြင် လေးဦးကိုမီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ပစ်သတ်ခံရတဲ့ ရဲဘော်တွေဟာ အသက် ၃၀ ကနေ ၄၀ နှစ်ကြားအရွယ်တွေဖြစ်ပြီး ခရိုင်တပ်ရင်း ၂ ရဲဘော် နေဆန်းဝင်း၊ မြို့နယ် ပကဖဆေးတပ်သား ရဲဘော် နေမျိုးကျော်၊ ပကဖ ရဲဘော် မင်းသူ၊ ပကဖ ရဲဘော် ဝင်းဆန်းဦး၊ ပကဖ ရဲဘော် သန်းစိန်မင်းတို့ဖြစ်တယ်လို့ အထက်ပါတာ၀န်ရှိသူက ဆက်ပြောပါတယ်။
သူတို့ထဲက အသက် ၃၀ အရွယ် ကိုနေဆန်းဝင်းဟာ ရွာအပြင်က လယ်ကွင်းထဲမှာ တွေ့ရပြီး ကျန်ရုပ်အလောင်းတွေကိုတော့ မီးရှို့လျက်သားတွေ့မြင်ခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကြောင်းဝင်ရောက်ချိန်မှာ ကျေးရွာထဲမှာ ပိတ်မိခဲ့တဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ ဖမ်းမိရဲဘော်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်ချေများတယ်လို့ ဒေသကာကွယ်ရေးရဲဘော်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ကျားခဲရွာမှာ ကျဆုံးသွားသူတွေရဲ့ စျာပနာအခမ်းနားကိုတော့ လက်ရှိအချိန်ထိ မဆောင်ရွက်ပေးနိုင်သေးဘူးလို့ သူတို့က CJ Platform ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေအခြေစိုက်တဲ့ ထီးလင်းမြို့နယ်နဲ့ ကျားခဲရွာကြားမှာ သစ်တောနဲ့ လယ်ယာတွေပဲခြားထားတာ၊ စစ်ကောင်စီဘက်က ကျားခဲရွာကို မာရှယ်လောထုတ်ထားတဲ့သတင်းမျိုး လွှင့်ထားတာတွေကြောင့် ဈာပနအခမ်းအနားမလုပ်ဖြစ်သေးတာဖြစ်တယ်လို့ ထီးလင်းဒေသကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒီဖြစ်စဥ်ကြောင့် ကျားခဲရွာဒေသခံတွေဟာ နေရပ်မပြန်ရဲသေးဘဲ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရတယ်လို့ သိရပါတယ်။
“ခုတစ်ခေါက် စစ်ကြောင်းဝင်တာတော့ နေအိမ်မီးရှို့တာတွေမရှိဘူးဗျ။ ကျေးရွာကာကွယ်ရေးအဖွဲ့ကလွဲရင် တစ်ရွာလုံးရှောင်နေရတယ်။ ဒေသခံ ၆၃၀ လောက် တိမ်းရှောင်နေရတယ်ဗျ” လို့ ဒေသကာကွယ်ရေး ရဲဘော်က ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ထီးလင်းမြို့နယ် ကျားခဲရွာကို ၀င်ရောက်မွှေနောက်ပြီးနောက် သရခါရွာကနေ ထီးလင်းမြို့ကို အောက်တိုဘာ ၂၆ ရက် မနက်ပိုင်းမှာပဲ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
စစ်ကြောင်းပြန်လည်ဆုတ်ခွာရာလမ်းမှာ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေ ထောင်ထားတဲ့ မိုင်းကွင်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးတဲ့အပြင် သုံးဦးအပြင်းအထန်ဒဏ်ရာရတယ်လို့ သိရပါတယ်။
အဲဒီက သေဆုံးသူ နှစ်ဦးအနက် တစ်ဦးဟာ စစ်တပ်အရာရှိတစ်ဦးဖြစ်တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တချို့ဆီကနေ သိရတယ်လို့ ထီးလင်းမြို့နယ်ပကဖက တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်ကိုင်း-ချင်းပြည်တို့ဆုံရာ ဒေသတစ်ခုဖြစ်တဲ့ မကွေးတိုင်း၊ ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ကျောက်ထုမြို့နယ်တွေပါ၀င်တဲ့ ယောဒေသမှာ တော်လှန်ရေးလှုပ်ရှားမှုအားကောင်းပြီး ကျေးရွာအများစုမှာ နယ်မြေစိုးမိုးထားနိုင်ပါတယ်။
အဲဒီယောနယ်မှာ စစ်တပ်က ဒေသခံတွေရှိရာ ကျေးရွာတွေကို ၀င်ရောက် စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်တာတွေအပြင် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေကိုလည်း ပြင်းပြင်းထန်ထန် ပြုလုပ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ ဖမ်းဆီးရမိတဲ့ ယောဒေသကာကွယ်ရေးအဖွဲ့(YDF)ရဲ့ တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ကိုဖိုးတေနဲ့ ကိုသားထောင်တို့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရပါတယ်။
အဲဒီဖြစ်ရပ်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ဖြစ်ပေါ်ခဲ့တဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေထဲက အဆိုးရွားဆုံးထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။
ဓာတ်ပုံ – ထီးလင်းမြို့နယ် ပကဖ