သာပေါင်းရဲစခန်းမှူး စနိုက်ပါပစ်ခံရတဲ့ ဖြစ်စဉ်မှာ ပါဝင်သွားတဲ့ ရဲသုံးဦးနဲ့ ဘုန်းကြီးတစ်ပါး ပြန်ရှာမတွေ့သေး
ဧရာဝတီတိုင်း သာပေါင်းမြို့နယ် ကျားခေါင်းကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ရိက္ခာသွားပို့တဲ့ သာပေါင်းမြို့မရဲစခန်းမှူးနဲ့ အဖွဲ့ပစ်ခံရပြီး စခန်းမှူး စနိုက်ပါထိမှန်ပြီးနောက် သေဆုံးသွားပေမယ့် အတူလိုက်ပါသွားတဲ့ ရဲတပ်ဖွဲ့ဝင်သုံးဦးနဲ့ ဘုန်းကြီးတစ်ပါးကို ဒီကနေ့ ဇန်နဝါရီ ၂၉ရက်နေ့ ညနေပိုင်းအထိ ပြန်ရှာမတွေ့သေးဘူးလို့ မြို့ခံတွေထံက သိရပါတယ်။
သာပေါင်းမြို့နယ် မြို့မစခန်းမှူး ဒုရဲမှူး ဝင်းနိုင်ဦးဟာ ရဲတပ်ဖွဲ့ဝင်သုံးဦး၊ အဝါရောင်မျိုးဆက်သစ်လူငယ် ပရဟိတအသင်း YGW က ဘုန်းကြီးတစ်ပါးနဲ့ လူမှုကူညီရေးကားကို အသုံးပြုပြီး စစ်ကောင်စီတပ်ကို ရိက္ခာပို့ သွားရောက်စဉ် ပစ်ခတ်ခံရတာပါ။
“ဘယ်သူမှ ပြန်မရောက်သေးဘူး၊ ပစ်ခံရချိန်မှာ ကြေးနန်းစက်နဲ့ လှမ်းပြောတယ်လို့ ပြောတယ်၊ ပစ်ခံရပြီပေါ့ သေပြီပေါ့၊ အခုထိ ရဲသုံးယောက်ရော ဆရာတော်ရော ပြန်မရောက်သေးဘူး၊ အဲဒီဆရာတော်ဆိုတာ ခင်ဗျားတို့ မီဒီယာတွေသိပါတယ် မုဒိမ်းမှုနဲ့ ပြသနာတက်နေတဲ့ YGW အဖွဲ့ကပဲ”လို့ YGW နဲ့ နီးစပ်သူ ကြက်သွန်ကွင်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
စနိုက်ပါထိမှန်တာကြောင့် သေဆုံးသွားတဲ့ မြို့မစခန်းမှူးရဲ့ အလောင်းကို သွားရောက် ကောက်ယူဖို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပေမယ့် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး ကောက်ယူမရသေးလို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အလောင်းသွားရောက် ကောက်ယူခြင်း ရှိမရှိကို အတည်မပြုနိုင်သေးပါဘူး။
“ပါသွားတဲ့ ရဲတွေလည်း စခန်းပြန်မရောက်သေးဘူး၊ စခန်းမှူးအလောင်းလည်း စခန်းပြန်မရောက်သေးဘူး၊ စခန်းမှူးမိန်းမက စခန်းမှာ အလောင်းထိုင်မျှော်နေတယ်”လို့ ရိက္ခာသွားပို့တဲ့ မော်တော်ယာဉ်အကြောင်းကို သိရှိထားသူ သာပေါင်းဒေသခံက ပြောပါတယ်။
“ရှေ့တန်း ရိက္ခာပို့သွားတဲ့ သာပေါင်းမြို့မ စခန်းမှူး စနိုက်ပါနဲ့ အပစ်ခံရ”ဆိုတဲ့ သတင်းရဲ့ နောက်ဆက်တွဲအဖြစ် ပေးပို့လာတာဖြစ်ပါတယ်။
ဒါဟာ CJ Report ဖြစ်ပါတယ်။ သတင်းဖြစ်စဉ် အပြည့်အစုံကိုတော့ CJ Platform ရဲ့ သတင်းထောက်တွေက စုံစမ်းအတည်ပြုနေဆဲဖြစ်ပါတယ်။
CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းအချက်အလက်လေးတွေ ပေးပို့လိုပါက Telegram မှာ @cjreport1 လို့ ရှာဖွေပြီးတော့ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – စနိုက်ပါနဲ့ အပစ်ခံရတဲ့ ဒုရဲမှူးဝင်းနိုင်ဦးကို မြင်ရပုံ (အနီရောင်ဖြင့် ဝိုင်းပြထားသူဖြစ်ပါသည်။ ပုံအဟောင်း)