စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ပူးပေါင်းနေတဲ့ တရုတ်သမ္မတကို ရန်ကုန်မှာ ဆန္ဒပြ
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ပူးပေါင်းပြီး မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ဝင်ရောက်ခြယ်လှယ်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ ဒီကနေ့ ရန်ကုန်မှာ ဝက်ဝံရုပ်နဲ့ သရုပ်ဖော်ဆန္ဒပြခဲ့ကြတယ်လို့ ရန်ကုန်တော်လှန်ရေး အင်အားစုတွေက သတင်းပေးပို့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဝက်ဝံရုပ်နဲ့ ကိုယ်စားပြုကာ သရုပ်ဖော်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို မျက်ကွယ်ပြု ထောက်ခံရပ်တည်နေတဲ့လုပ်ရပ်တွေကို ကန့်ကွက်ရှုံချတာလို့ ဆိုပါတယ်။
စစ်ကောင်စီက ပြည်သူလူထုအပေါ်ဖိနှပ်ချုပ်ချယ်တာတွေနဲ့ သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေရှိရာ ကျေးလက်ဒေသတွေ၊ စစ်ဘေးရှောင်စခန်းတွေကို ရည်ရွယ်ချက်ရှိရှိ စစ်ရဟတ်ယာဥ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဉ်နီးပါးပြုလုပ်နေတာတွေကြောင့် တရုတ်အစိုးရအနေနဲ့ အိမ်နီးခြင်းကောင်းပီသစွာ တရားသောနည်းလမ်းနဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးဖို့ လှုပ်ရှားမှုပြုလုပ်ပြီးတောင်းဆိုလိုက်တာလို့ ဆိုပါတယ်။
ဒီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် (၄)ဖွဲ့နဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)
တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်ကို တရုတ်လေယာဉ်ကုမ္ပဏီဖြစ်တဲ့ တရုတ် လေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်း (AVIC) က လက်နက်ပံ့ပိုးပေးနေတာတွေ ရပ်တန့်ရေးအတွက် Airbus ကုမ္ပဏီရဲ့ စီအီးအို Guillaume Faury ထံ စာရေးသားပြီး တောင်းဆိုပေးဖို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) ကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ တောင်းဆိုထားပါတယ်။
ဓာတ်ပုံ – ပေးပို့