“စစ်ဘေး၊ သဘာဝဘေးနဲ့ လယ်သမားတွေရဲ့ ဘဝ”
စိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ အရင် တောင်သူဦးကြီးတွေ ရင်ဆိုင်ခဲ့ရတာတော့ သဘာဝဘေးပါ။ အာဏာသိမ်းလိုက်ပြီးနောက် နောက်ထပ် တစ်ဘေး ထပ်တိုးခဲ့ရပြန်ပါတယ်။ အခုတော့ စစ်ဘေး၊ သဘာဝဘေး နှစ်ခုစလုံးကို တောင်သူဦးကြီးတွေခမျာ ပြိုင်တူ ရင်ဆိုင်နေကြရပါတယ်။ ဒါကြောင့် ဒီတစ်ပတ် CJ Platform ရဲ့ “ဒုက္ခအတိတွေ့နေသူတွေရဲ့ တီးတိုးသံ” ကဏ္ဍအတွက် လယ်ယာမြေစိုက်ခင်းတွေပျက်စီးဆုံးရှုံးခဲ့ရသူတွေရဲ့ တိုးရှိုးသံများကို ထုတ်ဖော်ပေးလိုက်ပါရစေ။
****************************************
“နွေဘက်ကရေမရလို့ မစိုက်ခဲ့နိုင်တော့ ခုမိုးစပါးမှာ ခဲထားတာ။ ခဲလေသမျှ သဲရေကျကုန်တာ စိတ်ဓာတ်ကို ကျသွားတာပဲလေ။”
စစ်ကိုင်းမြို့နယ်က လယ်သမားတစ်ဦး
ဒီဘက်မှာ ဆည်ရေအဓိကသုံးတယ်။ ပထမတစ်ခါ နွေစပါးစိုက်မယ်လုပ်တာ။ ဆည်ရေကမလာသလို မိုးကလည်း မရခဲ့ဘူးလေ။ စက်နဲ့ရေတင်တာက ဆီစျေးကလည်းကြီးတော့ မတင်နိုင်ဘူး။ စရိတ်ထုတယ်။ ဆည်ရေလာတော့ စိုက်မယ်ဆိုပြီး လယ် ငါးဧကစာ ပျိုးခင်းလုပ်ထားခဲ့တာ။ ဒီလ ၉ ရက်နေ့လောက်က မြစ်ရေတက်ပြီး အကုန်မြုပ်တော့တာပဲလေ။ နွေဘက်ကရေမရလို့ မစိုက်ခဲ့နိုင်တော့ ခုမိုးစပါးမှာ ခဲထားတာ၊ ခဲလေသမျှ သဲရေကျကုန်တာ စိတ်ဓာတ်ကို ကျသွားတာပဲလေ။ အရင်နှစ်က ကိုယ်က လယ်မရတော့ ၀ယ်စားရတာ ဆန်စျေးကြီးကြီးနဲ့ ပေးစားရတာ။ ကိုယ့်လယ်ရရင်တော့ ပိုအဆင်ပြေတယ်လေနော်။ ဒီဘက်က မိုးမကြီးပေမဲ့ မြစ်ရေတက်လာတော့ လယ်တွေပေးတဲ့ မြောင်းတွေကအစ အကုန်ရေလျှံပြီး ယာခင်းတွေရော ရွာထဲကအိမ်တွေထဲထိပါ၀င်တာ။ ဒီတော့ ကျွန်တော်တို့အပါပေါ့လေ။ စောစောပျိုးထောင်တဲ့သူတွေ အကုန်မြုပ်ကုန်တာ။ ဒီဘက်က ဧကသုံးလေးဆယ်တော့ရှိမှာ။ ခုကျ ရေလည်းကျသွားပြီဆိုတော့ မျိုးစပါးကအစ ပြန်၀ယ်ရမှာ။ မျိုးစပါးတစ်တင်းကို လေးသောင်း၀န်းကျင်ရှိတယ်။ ပြန်၀ယ်ပျိုးထောင်ဖို့တော့ လုပ်နေပါပြီ။
****************************************
“ပြန်စိုက်ပြီးမှ ရောင်းရချရမှာဆိုတော့ အစကနေ စရသလိုပဲ။”
ပန်းစိုက်ပျိုးသူအမျိုးသမီးတစ်ဦး
အစ်မတို့က မြစ်ကမ်းနံဘေးကရွာဆိုတော့ မြစ်ရေကမ်းလျှံပြီဆိုတာနဲ့ ရွှေ့ပြောင်းရသလို ဒီလိုပါပဲ။ ကမ်းဘေးတွေဆိုတော့လေ။ နှစ်တိုင်းကြုံနေရတဲ့ ဒုက္ခတွေပါပဲ။ ပန်းခင်းတွေကတော့ အင်းဘက်တွေမှာရှိတော့ မိုးကြီးတာဆို ၀င်လို့ပြုလို့ရသေးတယ်။ ခုလိုမြစ်ရေကြီးရင်တော့ အဆင်မပြေတော့ဘူး။ စိုက်တာက အစုံပါပဲ။ နှင်းဆီ၊ ရွှေပန်းငွေပန်း၊ ကျောက်စိမ်း၊ သပြေ အစုံစိုက်ထားတယ်။ ရွာဘက်ကနေ ခုမြို့ထဲကစျေးမှာ မနက်ပိုင်းလာရောင်းပြီး အဲဒါလေးနဲ့ အိမ်ကို လည်ပတ်နေရတာပေါ့။ ခုရေကြီးတော့ ပန်းအစုံလည်း တင်မရောင်းနိုင်ဘူး။ ရေလွတ်တဲ့ ရွာတွေကနေ ဖောက်သည်ယူပြီး ပြန်ရောင်းနေရတော့ အလုပ်မရပ်အောင် လည်ပတ်နေအောင်သာ ဖောက်သည်ယူရောင်းတာ မကျန်ဘူး။ ကိုယ့်ခြံထွက်ကသာ ရောင်းရတာအဆင်ပြေတာ။ ခုခြံကလည်းရေမြုပ်ထားတော့ တချို့တွေတော့ သေကုန်တယ်။ ရင်းထားတာတွေပါ ကုန်တာပေါ့နော်။ အမြတ်များများရတဲ့လုပ်ငန်းမဟုတ်ပေမဲ့ သူ့ဟာလေးနဲ့သူ လည်ပတ်နေတာ။ ခုလို သဘာ၀ဘေးနဲ့ကြုံရတော့လည်း အစ်မတို့အတွက် ဒုက္ခဖြစ်တာပေါ့။ ပြန်ရင်းရဦးမယ်။ ပြန်စိုက်ပြီးမှ ရောင်းရချရမှာဆိုတော့ အစကနေ စရသလိုပဲ။
****************************************
“ငရုပ်က ရှုံးထားလို့ ကာမိမလားမှတ်တယ်။ ကွမ်းလည်း မျှော်လင့်စရာမရှိတော့ဘူး။”
ညောင်တုန်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုဒဏ်ခံနေရတဲ့ လယ်သူမကြီးတစ်ဦး
ဒီနှစ်ကသိတဲ့အတိုင်း ရေကြီးတာလေ။ ရွာမှာရှိသမျှ ကွမ်းခြံတွေလည်းကုန်ပြီ။ ကုန်းပေါ်အထိ တက်မြုပ်တော့ ဘာမှမရတော့ဘူးပေါ့။ အကုန်သေပဲ။ ငရုပ်က ရှုံးထားလို့ ကာမိမလားမှတ်တယ်။ ကွမ်းလည်း မျှော်လင့်စရာမရှိတော့ဘူး။ လယ်ဘက်ပြန်ကြည့်ဆိုရင် ကိုင်းစပါး(ရာသီချိန်ကိုင်းလုပ်ငန်းလုပ်ပြီး မိုးရာသီ စပါးစိုက်)တွေလည်း ရေမြုပ်တော့ အကုန်ဆုံးပဲ။ လယ်ကြီးစိုက်တဲ့သူတွေပဲ ခံသာမယ်။ ကိုင်းစပါးက စိုက်တာကြာပြီဆိုတော့ ဒီရေမြုပ်မှတော့ ဘယ်အဆင်ပြေတော့မလဲ။ မိုးကလည်း ရေကြီးပါတယ်ဆိုမှ တစ်ခါမှမနားဘူး။ ဟိုဒုက္ခအိုး ထိပ်ဆုံးနေရာတက်ယူ(ကိုယ့်ကိုယ်ကိုယ် ယာယီသမ္မတအဖြစ် တင်မြှောက်ခြင်း)လို့လားမသိဘူး။ ဩဘာပေးလိုက်တာဆိုတာ ဒုက္ခတွေကိုစီလို့။
****************************************
“သူ့လည်း ငါမကယ်နိုင် ငါ့လည်း သူမကယ်နိုင်ပါပဲ။ ဘယ်သူ့ကိုမှလည်း ဘာမှမပြောချင်ပါဘူး။”
ပန်းတနော်မြို့နယ်မှ ကွမ်းစိုက်တောင်သူတစ်ဦး
ရွာမှာက ကွမ်းကို အဓိကထားစိုက်ကြတာပါ။ အခု ရေကြီးရေလျှံတာကြောင့် ကွမ်းခြံတွေအကုန်နီးပါး မြုပ်သွားပြီလေ။ လူတွေလည်း ရေကြောင့် ဆင့်ထိုးနေရ ရှိတာလည်းကုန်ပေါ့။ နေ့စားလုပ်နေသူတွေလည်း အလုပ်မရှိတော့ဘူးလေ။ ဒီနှစ်အတွက်တော့ တော်တော်ကြပ်တည်းတဲ့နှစ်လို့ ပြောရမလားပဲ။ အားလုံးလိုလိုပဲ။ သူ့လည်း ငါမကယ်နိုင် ငါ့လည်း သူမကယ်နိုင်ပါပဲ။ ဘယ်သူ့ကိုမှလည်း ဘာမှမပြောချင်ပါဘူး။ ဘယ်သူ့မှလည်း ပြောလို့မှမရတာ။ အခုချိန်မှာ ဘာများပြောလို့ရမှာမလို့လဲ။