ကျောက်မဲမြို့ခံတွေ မြို့ကို စတင်စွန့်ခွာနေကြ၊ စစ်ကောင်စီရဲ့ မြို့တွင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် တစ်ရက်တည်း အရပ်သား ခြောက်ဦးသေဆုံး

Author ကိုထားဝယ်
Categories
Published on Jun 28, 2024

ရှမ်းပြည်(မြောက်ပိုင်း)၊ ကျောက်မဲမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေလို့ မြို့ခံ ထောင်နဲ့ချီ ဒီနေ့ ဇွန်လ ၂၈ ရက်ကစတင်ပြီး စွန့်ခွာတိမ်းရှောင်နေကြပြီဖြစ်ကြောင်း မြို့ခံပရဟိတအသင်းများထံမှ သိရပါတယ်။

 

အများစုမှာ မြို့အနီးတဝိုက်ရှိ ဆွေးမျိုးနီးစပ်ရှိတဲ့ ကျေးရွာများ၊ ဘုန်းကြီးကျောင်းများနဲ့ မန္တလေးတိုင်းဘက်သို့ တိမ်းရှောင်နေကြခြင်းဖြစ်တယ်လို့ အဲဒီက မြို့ခံလူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။

 

ဒါကြောင့် ယနေ့ ကျောက်မဲ-မန္တလေး ကားခ တစ်ဦး သုံးသိန်းအထိ ဈေးပေါက်နေတယ်လို့ အမှန်တကယ်ကြုံတွေ့ရသူ ကျောက်မဲမြို့ခံတချို့ရဲ့ ပြောကြားချက်ကို လူမှုကယ်ဆယ်ရေးအသင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ကားသမားတွေလုပ်စားတာပါ” လို့ ၎င်းက မှတ်ချက်ပေးပြောဆိုပါတယ်။

 

စစ်ကောင်စီရဲ့ လေယာဉ်အပါအဝင် လက်နက်ကြီးတို့နဲ့ ကျောက်မဲမြို့တွင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၈ ရပ်ကွက်၊ ၉ ရပ်ကွက်၊ မိုးကောင်း ကျောင်းတိုက်နဲ့ ဝေဠုဝန်ကျောင်းတိုက်လမ်းကြားရှိ အထက ၁ လမ်းဘေးနဲ့ ရွှေကျင်ကျောင်းသုံးထပ်ဆောင်ကျောင်းတိုက်(မြောက်ကုန်း)တို့မှာလည်း ကျရောက်ပေါက်ကွဲခဲ့လို့ မြို့ခံခြောက်ဦးသေဆုံးခဲ့တဲ့အပြင် အမျိုးသားတစ်ဦးဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

 

ကျောက်မဲမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ၈ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲမှုအတွင်း လေးဦးသေဆုံးခဲ့ပြီး သေဆုံးသူတွေကို အေးချမ်းသာ သုဿာန်သို့ နမ့်ခုံးရှမ်းများပရဟိတအသင်း(ကျောက်မဲအသင်းခွဲ)က သယ်ယူ သင်္ဂြိုလ်ပေးခဲ့တယ်လို့ အဲဒီအသင်းထံမှ သိရပါတယ်။

 

ကျောက်မဲမြို့ထဲ ဒီနေ့ မနက်အစောပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ခေတ္တရပ်နားခဲ့ပြီးနောက် ပြန်လည်ဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်က လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ညနေပိုင်းမှာတော့ ပြန်လည်ငြိမ်သက်ခဲ့တယ်လို့ အဲဒီက မြို့ခံများထံမှ သိရပါတယ်။

 

တအောင်းတပ် TNLA ၊ ကိုးကန့်တပ် MNDAA နဲ့ အာရက္ခတပ်တော် AA တို့ရဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက် မနက်အစောပိုင်းကစပြီး ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။

 

အဲဒီမှာ ညီနောင်သုံးဖွဲ့ဟာ မြို့တွေနဲ့ စစ်ကောင်စီ စခန်းကြီးငယ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့က ဟိုင်ဂင်ဟိုတယ်မှာ တတိယအကြိမ်မြောက် ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးပွဲကနေ ဟိုင်ဂင်သဘောတူညီချက်နဲ့ အပစ်ရပ်ဖို့ ကတိပြုခဲ့ကြပါတယ်။

 

ဒါပေမဲ့ ငါးလကျော်အကြာ ဇွန်လ ၂၅ ရက်မှစတင်ပြီး စစ်ကောင်စီနဲ့ TNLA/MDY PDF ပူးပေါင်းအဖွဲ့တွေကြား ရှမ်းမြောက်က ကျောက်မဲ၊ နောင်ချိုတို့အပြင် မန္တလေးတိုင်းထဲက မတ္တရာနဲ့ မိုးကုတ်မြို့တွေမှာပါ တိုက်ပွဲတွေ စတင်ဖြစ်ပွားလာပြီးနောက် TNLA ဘက်က ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဆိုပြီး ခေါင်းစဉ်တပ် တိုက်ခိုက်သိမ်းပိုက်မှုတွေ လုပ်ဆောင်လာနေတာဖြစ်ပါတယ်။

 

ဒီနေ့ ဇွန် ၂၈ ရက်အထိ လေးရက်အတွင်း တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီစခန်း ၃၀ နီးပါး TNLA/MDY PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားနိုင်သလို နောင်ချိုမြို့ ခမရ ၁၁၅ တပ်ရင်းသိမ်းတိုက်ပွဲအတွင်းမှ လက်နက်ခဲယမ်း ၃၈၀ မျိုးနဲ့ ကျည် သိန်းနဲ့ချီ သိမ်းဆည်းရမိထားတယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁၇ ဦးလည်း ရှိနေပြီလို့ TNLA က ဆိုပါတယ်။

 

ဒီနေ့အထိ ရှမ်းမြောက် ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်တို့နဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ မိုးကုတ်မြို့တို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အရပ်ဘက်/စစ်ဘက်မရွေးဘဲ လေယာဉ်နဲ့ ဒရုန်းတွေအပါအဝင် လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေတယ်လို့ အဲဒီက ဒေသခံများထံမှ သိရပါတယ်။

 

ဓာတ်ပုံ – CJ