မိုးကုတ် နေရာတချို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရ ကျပ်ပြင် တိုက်ပွဲအတွင်း အရပ်သား နှစ်ဦး သေဆုံး

Author အဂ္ဂ
Categories
Published on Jun 28, 2024

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ထဲ တအောင်းတပ် TNLA/MDY PDF ပူးပေါင်းတပ်တွေရဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး စတုတ္ထရက်အရောက်မှာ နေရာတချို့ကို စစ်ကောင်စီဘက်က ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ဒီကနေ့ ဇွန်လ ၂၈ ရက်မှာလည်း မနက်ပိုင်းကစလို့ မိုးကုတ်ကျပ်ပြင်ဘက်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေလို့ ဆိုပါတယ်။

“ဖုန်းလိုင်းမကောင်း၊ အင်တာနက်လိုင်း မကောင်းလို့၊ မနက်မိုးလင်းတာနဲ့ အိမ်ကိုအပြေးအလွှားသွား ထမင်းချက် ဖွင့်တဲ့ဆိုင်ကရတာ အပြေးဝယ်ပြီး လုံခြုံမယ့်အိမ်မှာ ပုန်းနေရတယ်။ ‌(လေယာဉ်နဲ့) ဗုံးလာချမှာ ကြောက်နေရတယ်” လို့ ကျပ်ပြင်က ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် မိုးကုတ်မြို့ အနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် မနေ့ ဇွန် ၂၇ ရက်နေ့အထိ အရပ်သားနှစ်ဦး သေဆုံးတဲ့အပြင် နေအိမ် ၁၂ လုံးထက်မနည်းပျက်စီးခဲ့ရတယ်လို့ အဲဒီဒေသ သတင်းမှန်တင်ဆက်ပေးနေတဲ့ Ruby Land Lover လူမှုကွန်ရက်ဂရုရဲ့  အချက်အလက်စုဆောင်းထားမှုအရ သိရပါတယ်။

ဒီစာရင်းဟာ အဲဒီအဖွဲ့ Admin Team ရဲ့ လက်လှမ်းမီသလောက် စုစည်းထားတာသာဖြစ်ပြီး တချို့ ထိခိုက်သေဆုံးမှုများမှာ သတင်းရပေမဲ့ အတည်မပြုနိုင်လို့ မထည့်သွင်းထားဘူးလို့ Admin Team အဖွဲ့ဝင် တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီရဲ့ လေကြောင်းကဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကျပ်ပြင်ရွာမှာ  နှစ်လုံး၊ အောင်သုခမှာ တစ်လုံး၊ ကျပ်ပြင်တောင်ပေါ်ကုန်းမှာ တစ်လုံး၊ ကျပ်ပြင် နာရီစင်အနီး တစ်လုံး၊ ကသဲမှာ  နှစ်လုံး၊ ကျပ်ပြင်မြို့မမှာ တစ်လုံး (မီးလောင်)၊ ကျပ်ပြင်သိန်းသန်းအနီး တစ်လုံးနဲ့ လူးထရပ်ကွက် မိတ်ဆုံလက်ဖက်ရည်ဆိုင်အနီးမှာ သုံးလုံး စုစုပေါင်း အရပ်သားပြည်သူနေအိမ် ၁၂ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ‌ကသဲ ရပ်ကွက်က အမျိုးသမီးတစ်ဦးနဲ့ လူးထရပ်ကွက်က အဖွားအို တစ်ဦးတို့လည်း ဗုံးစထိမှန်သေဆုံးခဲ့ရတယ်လို့ Ruby Land Lover ရဲ့ စာရင်းအရ သိရပါတယ်။

 

မိုးကုတ် ဒေသခံတွေအများစုရှိတဲ့ Ruby Land Lover လူမှုကွန်ရက်ဂရုထဲမှာလည်း ဒီကနေ့ မနက်ပိုင်းမှာ မိုးကုတ်ကျပ်ပြင်မှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း၊ နေအိမ်ထိခိုက်ပျက်စီးတာ၊ အရပ်သားသေဆုံးတာတွေ ရှိနေကြောင်း မျှဝေမှုတွေရှိပေမဲ့ CJ Platform အနေနဲ့ သီးခြားအတည်ပြုထားနိုင်တာမျိုးမရှိသေးပါဘူး။

 

TNLA ဘက်ကလည်း မိုးကုတ်မြို့နယ်တွင်းက ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနဲ့ ဖြူရောင်ကုန်းနဲ့ မိုးကုတ်(ကျပ်ပြင်)ရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုထားပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကသဲရပ်ကွက် အမျိုးသမီးတစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

မိုးကုတ်မြို့ဟာ TNLA စစ်ရေးလှုပ်ရှားရာ တပ်မဟာ(၂) စစ်ဒေသဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း ပြန်လည်စတင်ကတည်းက တိုက်ပွဲပြင်းထန်နေတာဖြစ်ကာ ဒီကနေ့အထိဆို တိုက်ပွဲဖြစ်ပွားနေတာ လေးရက်မြောက်ပြီလည်းဖြစ်ပါတယ်။

 

မိုးကုတ်မြို့နယ်အတွင်းက စစ်ကောင်စီအခြေစိုက်စခန်းအများစုကို TNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေဆဲပဲလို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – Ruby Land Lover Facebook Group