နောင်ချို ခမရ ၁၁၅ တပ်စခန်းမှရထားတဲ့ လက်နက်ခဲယမ်း ၃၈၀ ကျော် TNLA ထုတ်ပြ

Author ကိုထားဝယ်
Categories
Published on Jun 28, 2024

ရှမ်းမြောက်၊ နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၁၁၅ တပ်စခန်းသိမ်းတိုက်ပွဲထဲက ရရှိထားတဲ့ လက်နက်ခဲယမ်း ၃၈၀ ကျော်ကို တအောင်းတပ် PSLF/TNLA က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

 

အဲဒီစခန်းကို ဇွန်လ ၂၇ ရက်နေ့မှာ TNLA နဲ့ MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။အဲဒီစခန်းသိမ်းတိုက်ပွဲကနေ MA-1 ၂၄ လက်၊ MA-2 ၁၃ လက်၊ MA-3 ၃၆ လက်၊ MA-4 သုံးလက်၊ M22 တစ်လက်၊ G3 ဆယ်လက်၊ ရိုင်ဖယ်သေနတ် ၁၀၃ လက်၊ ကာဘိုင်သေနတ် ၁၅၉ လက် စတဲ့ချေမှုန်းရေးလက်နက် ၃၅၀ နီးပါးအပါအဝင် စက်လက်အသေး ၁၁ လက်၊ MA-15(ငါးချင်းမှီး) တစ်လက်၊ 0.5 (၁)လက်၊ M79 (၁)လက်၊ (၈၁)မမ(၁)လက်၊ (၈၁)မမ(နောက်ပွင့်)(၂)လက်၊ RPG-7 (၄)လက်၊ (၆၀)မမ (၂)လက်၊ ပြောင်းသေး(၆၀)မမ (၁၀)လက် စတဲ့လက်နက်ကြီးများကို သိမ်းဆည်းရမိခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်နက်ငယ် ကျည်အမျိုးမျိုး ၅၀,ဝ၀ဝ ကျော်၊ RPG ၊ 60/80 mm ကျည်အမျိုးမျိုး ၅၀ဝ ကျော်၊ ဗုံးသီး၊ မိုင်းနဲ့ စကားပြောစက်များလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

ဇွန်လ ၂၆ ရက်က နောင်ချိုမြို့ ကံ့ကော်တပ်စခန်းနဲ့ အခြားတပ်စခန်းမှ လက်နက်မျိုးစုံ ၅၀ ကျော်ကိုလည်း သိမ်းဆည်းရမိထားတဲ့အပြင် ကျောက်မဲမြို့က လက်နက်ချအလင်းဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးနဲ့အတူ လက်နက်မျိုးစုံ ၅၀ ကျော်ကိုလည်း သိမ်းဆည်းရမိထားတယ်လို့ တအောင်းတပ်က ဆိုပါတယ်။

 

TNLA/MDY PDF ပူးပေါင်းတပ်တွေနဲ့ ဇွန် ၂၅ ရက်နေ့ကစလို့ ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်နဲ့ မန္တလေးတိုင်း၊ မိုးကုတ်နဲ့ မတ္တရာမြို့နယ်တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA