ရွှေဈေး ကျပ် ၅၃ သိန်းခွဲနဲ့ ကန်တစ်ဒေါ်လာ ၄၃၀၀ ကျပ်အထိ ဆက်လက်စံချိန်ချိုး

Author ကိုထားဝယ်
Categories
Published on May 28, 2024

ကမ္ဘာ့ရွှေဈေးပြန်ကျပေမဲ့ ပြည်တွင်းရွှေဟာ ၁၆ ပဲရည်တစ်ကျပ်သား ကျပ် ၅၃ သိန်းခွဲနီးပါးအထိ ဆက်လက်မြင့်တက်လာသလို အမေရိကန်ဒေါ်လာဈေးဟာလည်း တစ်ဒေါ်လာ ၄၃၀၀ ကျပ်နဲ့ စံချိန်ဆက်ချိုးနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

 

ပြည်တွင်းရွှေဈေးကွက်ထဲ ဒီနေ့ မေ ၂၈ ရက်ဈေးဟာ ပြီးခဲ့တဲ့ သုံးရက် မေ ၂၅ ရက်ကထက် ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ် ၁၅၀,၀၀၀ ခန့်အထိမြင့်တက်သွားတာဖြစ်တယ်လို့ ပြင်ပရွှေဈေးကွက်ထဲကနေ သိရပါတယ်။

 

ဒီလိုစံချိန်တင် ရွှေဈေးဆက်တက်တာဟာ အမေရိကန်ဒေါ်လာဈေး စံချိန်ထပ်ချိုးနေလို့ဖြစ်တယ်လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောပါတယ်။

 

ပြည်တွင်းရွှေဈေးမြင့်တက်စေတဲ့ အကြောင်းအချက်ထဲက အဓိကအချက်တွေဖြစ်တဲ့ ဝယ်လိုအားက မရှိသလို ကမ္ဘာ့ရွှေဈေးကလည်း မတက်ဘဲ ငြိမ်သက်နေတယ်လို့ ဈေးကွက်အတွင်း ဖြစ်ပေါ်နေတဲ့ဈေးတန်းတွေအရ ဆိုရမှာဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။ ဒီနေ့ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စ အမေရိကန် ၂၃၄၄ ဒေါ်လာဖြစ်ပါတယ်။

 

ဒီနေ့ ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်ထဲ အမေရိကန်တစ်ဒေါ်လာကို ၄၃၀၀ ကျပ်အထိ ဆက်လက်မြင့်တက်လာခဲ့တာကို တွေ့မြင်ရပါတယ်။ မနေ့က တစ်ဒေါ်လာ ၄၂၂၀ ကျပ်ပဲရှိခဲ့တာပါ။ ဒါကြောင့် တစ်ရက်တည်း တစ်ဒေါ်လာကို ၈၀ ကျပ်အထိ ခုန်တက်သွားတာဖြစ်ပါတယ်။

 

ဒါ့အပြင် စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်၊ တရုတ်ယွမ်တို့အားလုံးလည်း မနေ့ကဈေးထက် ပိုမိုမြင့်တက်လာတာကို တွေ့မြင်ရပါတယ်။

 

ထိုင်းဘတ်ဆိုရင် မနေ့က တစ်ဘတ် ၁၁၆ ကျပ်သာရှိခဲ့ရာမှ ဒီနေ့မှာတော့ ၁၂၃ ကျပ်အထိမြင့်တက်ခဲ့တာပါ။ ဒါ့အပြင် မလေးရှင်းရင်းဂစ်ဈေးဟာလည်း မနေ့က တစ်ရင်းဂစ် ၉၅၇ ကျပ်ကနေ ၉၈၉ ကျပ်ကိုလည်းကောင်း၊ စင်ကာပူတစ်ဒေါ်လာ မနေ့က ၃၀၈၀ ကျပ်ကနေ ၃၂၀၀ ကျပ်ကိုလည်းကောင်း၊ တရုတ်တစ်ယွမ်ကို မနေ့က ၅၇၉ ကနေ ၆၃၂ ကျပ်ကိုလည်းကောင်း၊ ဂျပန်တစ်ယန်းကို ၂၇ ကျပ်ကနေ ၂၈ ကျပ်ကျော်ကိုလည်းကောင်း အသီးသီးမြင့်တက်လာခဲ့တယ်လို့ ပြင်ပငွေကြေးဈေးကွက်ထဲကနေ သိရပါတယ်။

 

ဒီနိုင်ငံခြားငွေကြေးဈေးနှုန်းတွေအားလုံးဟာလည်း သမိုင်းတစ်လျှောက် မဖြစ်ပေါ်ဖူးသေးတဲ့ စံချိန်တင်ဈေးနှုန်းတွေပဲဖြစ်ပါတယ်။

 

ဈေးကွက်သဘောတရားအရ ဒီလို ကျပ်ငွေဈေးအဆမတန်ကျပြီး နိုင်ငံခြားငွေကြေးဈေးနှုန်းတွေ မြင့်တက်နေတာကို ထိန်းနိုင်ဖို့ဆိုကာ စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြားငွေရောင်းဝယ်သူတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်လာနေပါတယ်။

 

မေလ ၂၆ ရက်က ဗဟိုဘဏ်ခွင့်ပြုချက်ထုတ်ပေးထားသော နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်(AD) မရှိဘဲ အွန်လိုင်းမှတစ်ဆင့် နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်နေတယ်လို့ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာနဲ့ ဝက်ဘ်ဆိုက် ၁၆ ခုက ဆက်စပ်သူတွေကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ နဲ့ ၄၂ တို့အပြင် အများပြည်သူအကျိုးကို ထိခိုက်စေတဲ့အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မတွေနဲ့ပါ အရေးယူဆောင်ရွက်သွားမယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ ဆက်လက်ပြီးတော့လည်း အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုထားပါသေးတယ်။

 

ဓာတ်ပုံ – AI