လှိုင်သာယာစည်ပင်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ၊ ရုံးမျက်နှာစာမှာ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဆို

Author ကိုထက်
Categories
Published on May 28, 2024

ရန်ကုန်မြို့၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စည်ပင်သာယာရုံးကို အဝေးထိန်းမိုင်းနှစ်လုံးနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပျောက်ကြားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Dark Shadows က ထုတ်ပြန်ပါတယ်။

 

မနေ့(မေလ ၂၇)ရက် ညပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး၊ လူထိခိုက်မှုမရှိပေမဲ့ ရုံးရဲ့အရှေ့မျက်နှာစာက CCTVအချို့ ပျက်စီးသွားတာရှိတယ်လို့ အဲဒီစည်ပင်ရုံးနဲ့ နီးစပ်သူကပြောပါတယ်။

 

“မနေ့ကည ၇နာရီလောက်ကဖြစ်တာ။ နှစ်လုံးဆက်တိုက်ပေါက်တာလို့ သိရတယ်။ ရုံးမှာက စောင့်နေတဲ့သူမရှိတော့ လူအထိအခိုက်တော့မရှိဘူး။ မျက်နှာစာ အပေါ်ဘက်က CCTVတော့ ပျက်စီးသွားတယ်။ ဒီမနက်ပဲ ပြန်လုပ်နေရတယ်”လို့ သူကပြောပါတယ်။

 

အဲဒီစည်ပင်ရုံးကို ပြီးခဲ့တဲ့ရက်ပိုင်း အပြင်ပဒံ‌ကျေးရွာအုပ်စု ကျွန်းကြီးရွာက အိမ်ခြေ၃၀၀ကို အဓမ္မဖယ်ရှားလို့ဆိုကာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Dark shadows က ထုတ်ပြန်ပါတယ်။

 

ပြီးခဲ့တဲ့ လပိုင်းတွေကလည်း လှိုင်သာယာမြို့နယ်အတွင်းက ရဲတပ်ရင်း ၉နဲ့ အုပ်ချုပ်ရေးမှူးရုံးတွေကို ဗုံးခွဲတိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။

 

ရန်ကုန်မှာ ဗုံးခွဲတိုက်ခိုက်ခံရမှုတွေ အခုရက်ပိုင်းတွေ ပြန်စိတ်စိတ်ဖြစ်လာနေတာပါ။ မေလ ၂၅ရက်ကလည်း မြောက်ဥက္ကလာပမြို့နယ်က အာမီရမ်စက်ရုံကင်းစခန်းလည်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

Related News

Depend on news