နှစ်နှစ်ကျော်အတွင်း အစုလိုက်အပြုံလိုက် အသတ်ခံရသူ အရပ်သား ၁၄၀၀ ကျော်ထိရှိနေ

Author မင်းထက်
Categories
Published on May 28, 2024

နိုင်ငံတစ်ဝန်းမှာ  စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက်  သတ်ဖြတ်ခြင်းခံရတဲ့ အရပ်သားပြည်သူ ၁၄၀၀ ဦး ကျော်ထိ ရှိနေတယ်လို့ စစ်ရေးပဋိပက္ခတွေကို လေ့လာစောင့်ကြည့်နေတဲ့ BNI – Myanmar Peace Monitor အဖွဲ့က မေလ ၂၇ ရက် ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

အဲဒီအချက်လက်တွေဟာ ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် မေလ ၁၅ အထိ နှစ်နှစ်ကျော်အတွင်းမှာ ကောက်ယူထားတဲ့ အချက်အလက်တွေအရ ဖြစ်ပြီး လူငါးဦးအထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အရေအတွက်ဟာ ၁၄၄၆ ဦးထိ ရှိနေပါတယ်။

 

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေအပြင် ဒီနှစ်နှစ်အတွင်းမှာ နိုင်ငံတဝန်း ပဋိပက္ခတွေကြောင့် အရပ်သားတွေ သေဆုံးခဲ့ရတာဟာ  ၄၀၄၂ ဦးထိ ရှိတယ်လို့ သိရပါတယ်။

 

နှစ်နှစ်ကျော်ကာလ ( ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် မေလ ၁၅ အထိ) အတွင်းမှာ လူငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း ၁၅၄ ခုအထိ ဖြစ်ခဲ့တာလို့လည်း သိရပါတယ်။

 

အဲဒီဖြစ်စဥ်အတွင်းမှာ အရပ်သားတွေက တိုက်ရိုက်ဦးတည် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ် ၇၆ ခုထိရှိပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်စဥ်တွေရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးအထိ ရှိနေပါတယ်။

 

ဒီဖြစ်စဥ်တွေ နိုင်ငံတ၀န်းက မြို့နယ်ပေါင်း  ၉၄ မြို့နယ်မှာ တွေ့ရတာဖြစ်ပြီး  စစ်ကိုင်းတိုင်းထဲမှာ ၄၈ ခုနဲ့ အများဆုံးဖြစ်ခဲ့ကာ ရခိုင်ပြည်နယ်ကတော့ ၁၆ ခုနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

 

ဒါ့အပြင် မန္တလေးတိုင်းကတော့ ဖြစ်စဉ် ၁၄ ခုနဲ့ တတိယအများဆုံးဖြစ်ခဲ့သလို ကချင်၊ ရှမ်း၊ ကယား (ကရင်နီ)၊ ချင်း၊ ပဲခူး၊ တနင်္သာရီ စတဲ့ဒေသတွေမှာလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ၅ခုနဲ့အထက် ရှိခဲ့တယ်လို့ BNI – Myanmar Peace Monitor ရဲ့ အစီအရင်ခံစာမှာ ဖော်ပြပါတယ်။

 

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေထဲမှာ ဖမ်းဆီးသတ်ဖြတ်ခံရတာ ၊  လေကြောင်းအပါအ၀င်  လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ပါဝင်ပါတယ်။

 

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မေလ ၁၅ နေ့အတွင်းမှာလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ၄၉ ခုအထိ ရှိလာပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေများဆုံးဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြချက်အရ သိရပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ် လက်ထုထ္တောကျေးရွာက အရပ်သား ၃၂ ဦးကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ခဲ့သလို့ ၊ ပစ်ခတ်ခြင်းကြောင့် ဒဏ်ရာရပြည်သူ ထပ်မံသေဆုံးရာမှာ ၃၄ ဦးထိ ရှိလာခဲ့ပါတယ်။ ဒီဖြစ်စဥ်ဟာ ၂၀၂၄ ခုနှစ်အတွင်း အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပါတယ်။

 

ဒီလုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့ စစ်ကောင်စီကတော့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ မလုပ်ဘူးလို့လဲ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

 

စစ်ကောင်စီဟာ နိုင်ငံအနှံ့ စစ်ရေးရှုံးနှိမ့်လာချိန် အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်မှုတွေ ပိုပြီးကျူးလွန်လာတာဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အရပ်သားတွေကို အကာအကွယ်ပေးဖို့ ၊ စစ်ကောင်စီက အရပ်သားတွေကို ဦးတည်ပြီး တိုက်ရိုက် ဖမ်းဆီးသတ်ဖြတ်တာတွေ နည်းနိုင်သမျှနည်းစေရန်အတွက်  တာဝန်ရှိတယ်လို့လည်း  ပြောထားပါတယ်။

 

ဒါ့အပြင် စခန်းသိမ်း၊ မြို့သိမ်း တိုက်ပွဲတွေနဲ့အတူ ခုခံတော်လှန်ရေး အရှိန်မြင့်ချိန် ၊ စစ်ရေးနယ်ကျယ်လာတာနဲ့အမျှ အရပ်သားတွေရဲ့ ဘ၀တွေ ၊ အသက်တွေကို ထည့်သွင်းစဥ်းစားကြရမယ်လို့လဲ ဆိုထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်