ဒေါက်တာ ခလမ်ဆမ်ဆွန် ရက် ၄၀ ကျော်ကြာတဲ့အထိ ပြန်မလွတ်သေး၊ KBC ဆီသွားလို့ ချက်ချင်းပြန်ဖမ်းလို့ဆို

Author ကိုထားဝယ်
Categories
Published on May 27, 2024

မြန်မာနှစ်သစ်ကူးလွတ်ငြိမ်းမှာပါဝင်ခဲ့ပေမဲ့ နေ့ချင်းပြန်ဖမ်းခံရတဲ့ ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ရက် ၄၀ ကျော်ကြာတဲ့ ယနေ့ မေလ ၂၈ ရက်နေ့အထိ ပြန်လည်လွတ်မြောက်မလာသေးဘူးလို့ သိပါရတယ်။

 

ကချင်နှစ်ခြင်းခရစ်ယာန်အသင်း(KBC) ဥက္ကဋ္ဌဟောင်းဟာ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက် မေလ ၁၇ ရက်နေ့ မနက်ပိုင်းက မြစ်ကြီးနားထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး ညပိုင်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပြန်လည်ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

 

သူဟာ လွတ်မြောက်လာပြီးပြီးချင်း သူ့အသင်းတော်ဆီသွားရောက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေက ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ သူ့မိသားစုနဲ့ အဆက်အသွယ်ရှိသူ၊ ဘာသာရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအစီရင်ခံစာတွေလုပ်ဆောင်နေတဲ့ FoRB Network Myanmar က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

လူနည်းစုကိုးကွယ်သူတွေအရေးအပါအဝင် အမျိုးသမီးအခွင့်အရေးတွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာ ၁၂ နှစ်ခန့်အတွေ့အကြုံရှိတဲ့ သူဟာ မနေ့ မေလ ၂၇ ရက်က Internews ကပြုလုပ်တဲ့ “၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အခြေအနေများနှင့်ပတ်သက်ပြီး အွန်လိုင်းစကားဝိုင်း” (Community of Practice)မှာ CJ Platform ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

 

“သူ့ကို စစ်တပ်က ပြန်ဖမ်းတာ KBC ဆီသွားတာနဲ့ဆိုင်တယ်လို့ယူဆရပါတယ်။ KBC က ကချင်ပြည်ထဲ ဘာသာရေးရော၊ လူသားချင်းစာနာမှုအကူအညီပေးတာတွေရောလုပ်တယ်။ သူ့ကို အခုဖမ်းထားတာကလည်း ရာဇဝတ်မှုပုဒ်မတွေတပ်ပြီး ဖမ်းထားတာမျိုးမရှိပါဘူး။ ဒီအတိုင်း ဖမ်းထားတာပါ။ ပြန်လည်း မလွှတ်ပေးသေးပါဘူး” လို့ KBC မှာ လုပ်ကိုင်ခဲ့ဖူးသူလည်းဖြစ်တဲ့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

 

အကျဉ်းသား/သူ ၃၃၀၃ ဦးကို လွှတ်ပေးခဲ့တဲ့ စစ်ကောင်စီရဲ့ ယခုနှစ် နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒေါက်တာ ခလမ်ဆမ်ဆွန်ပါဝင်ခဲ့ပေမဲ့ အဲဒီနေ့ည ၁၁ နာရီလောက်မှာပဲ စစ်ကောင်စီတပ်သား အင်အားအများအပြားနဲ့ မြစ်ကြီးနားထောင်ဆီ ပြန်လည်ဖမ်းခေါ်သွားခံခဲ့ရပါတယ်။

 

ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ထိုင်းနိုင်ငံသို့ သွားရောက်ဖို့ မန္တလေး လေဆိပ်မှာ လေယာဉ်စောင့်ဆိုင်းနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားခဲ့ပြီးနောက် ထောင်သွင်းအကျဉ်းချခံခဲ့ရတာဖြစ်ပါတယ်။

 

သိက္ခာတော်ရ ကချင်ဘာသာရေးခေါင်းဆောင်ဟာ မတရားအသင်း ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၁ နှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင် ၆ နှစ်အထိ  ၂၀၂၃ ဧပြီလထဲ ချမှတ်ခံခဲ့ရပြီး  မြစ်ကြီးနား အကျဉ်းထောင်မှာ ချုပ်နှောင်ခံခဲ့ရပါတယ်။

 

ဓာတ်ပုံ – KBC