ချောင်းဦးမြို့ထွက် မြပုလဲစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ဒဏ်ရာရသူများပြား

Published on Apr 28, 2024

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ထွက်တွင်ရှိသော မြပုလဲစစ်ဆေးရေးဂိတ်ကို မုံရွာဒေသခံ တော်လှန်ရေးတပ်များမှ ဧပြီလ ၂၆ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိအခိုက်အသေဆုံးရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

မြပုလဲစစ်ဆေးရေးဂိတ်အတွင်းသို့ တော်လှန်ရေးပူးပေါင်းတပ်များမှ ၆၀ မမ ၅ လုံး နှင့် ၈၀ မမ ၅ လုံးတို့ဖြင့် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ရာ ၁၅ ဦးထက်မနည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု  People’s Defence Force – South Monywaတပ်ခွဲ(၁) ရှိတာဝန်ရှိသူမှ CJ Platform သို့ပြောသည်။

 

“  စခ ၁၅ ကောင်( စစ်ကောင်စီတပ်သား ၁၅ ဦး) ထက်မနည်း ခြေပြတ်လက်ပြတ်ဖြစ်ပြီး အော်ဟစ်ညည်းညူသံတွေကြားရတယ် ထိတာတော့ တော်တော်များပါတယ် မျက်မြင်အရပါ ” ဟု ၎င်းက ပြောသည်။

 

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကားနှစ်စီးဖြင့် ဒဏ်ရာရ စစ်သားများကို တင်ဆောင်ကာ ချောင်းဦးမြို့သို့တစ်စီး၊ မုံရွာမြို့သို့ တစ်စီး ညနေ ၄ နာရီခန့်တွင် ထွက်ခွာသွားသည်ဟု ၎င်းတာဝန်ရှိသူမှ ဖြည့်စွက်ပြောသည်။

 

ယခုစစ်ဆင်ရေးကို People’s Defence Force – South Monywaတပ်ခွဲ(၁)၊ မုံရွာခရိုင် တပ်ရင်း(၂၇) တပ်ခွဲ(၃)နှင့် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် ဧပြီလ ၁၅ ရက်နေ့ကလည်း ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဂိတ်မှ ထွက်ခွာလာသော စစ်ကောင်စီတပ်သားများနှင့် မြင်းမူဘက်မှ ထွက်ခွာလာသော အရာခံဗိုလ်တစ်ဦးပါ ပူးပေါင်းတပ်ဖွဲ့ကို နတ်ရေကန်ဂိတ်နှင့် ငါးယှဉ်ကျေးရွာကြားတွင် People’s Defence Force – South Monywa တပ်ခွဲ(၁)၊နွေဦးလူငယ်People’s Defence Force၊တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊Myinmu Local Defence Force၊Pentagram အဖွဲ့တို့မှ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်အပါအဝင် စစ်ကောင်စီတပ်သား ၅ ဦးခန့် သေဆုံးခဲ့သည်ဟု သိရသည်။

 

ဓာတ်ပုံ – ပေးပို့