ဖဲဝိုင်း ညစဉ်နီးပါး လုပ်ဆောင်နေသည်ဟုဆိုသော ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်

Author ဂျွန်နသန်
Categories
Published on Apr 28, 2024

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့တွင် ဧပြီ ၂၇ရက်​နေ့ နံနက် ၄နာရီခွဲခန့်က ညစဉ်နီးပါး ဖဲဝိုင်းများ လုပ်ဆောင်နေသည်ဟုဆိုသော အမှတ် (၉) ရပ်ကွက်ရုံးတွင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရုံးအတွင်းပိုင်း မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

 

လျှပ်စစ်မီးများ ပြတ်တောက်နေသည့် အချိန်တွင် ရုံးအပြင်ဘက်မှ စတင်ကာလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရကာ နံနက် ၅ နာရီခန့်တွင် မီးညွန့်ကျိုးသွားပြီးနောက် မီးသတ်ကားနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရဲများရောက်ရှိလာသည့်အပြင် ၉၀၅ တပ်ရင်းမှ ဗိုလ်မှူးကြီးကိုယ်‌တိုင် လာရောက်စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

 

” မီးလောင်ခဲ့တာမှန်ပါတယ်၊ တစ်ရုံးလုံးကုန်သွားတာပါ၊ ဘေးအိမ်တွေကိုတော့ မီးမကူးဆက်ခဲ့ပါဘူး၊ မီးလောင်ရတဲ့ အကြောင်းအရင်း သိနိုင်ဖို့ မီးကျွမ်းနေတဲ့ပစ္စည်းတချို့ သိမ်းဆည်းထားတာရှိပါတယ်၊ ရှို့မီးလို့လည်းယူဆရတဲ့အတွက် တာဝန်ရှိသူအသီးသီးက စုံစမ်းမေးမြန်းမှုတွေ လုပ်နေပါတယ်” ဟု စစ်ကောင်စီနှင့် နီးစပ်တဲ့အသိုင်းအဝိုင်းမှ CJ Platform ကိုပြောပါသည်။

 

အမှတ် (၉) ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးမှာ စစ်ကောင်စီ အားကိုးအားထားပြုရသည့် ထောက်တိုင်တစ်ဦးဖြစ်ပြီး ရပ်ကွက်အတွင်း လူမိုက်များမွေးကာ ဂိုဏ်စတားဆန်ဆန် ပြုမူနေထိုင်ခြင်းကြောင့် ရပ်ကွက်နေပြည်သူများအပြင် မြို့နေပြည်သူများပါ မုန်းတီးကြသူဖြစ်သဖြင့် ယခုကဲ့သို့ ၎င်း၏ရုံးကို မီးရှို့ခြင်းဖြစ်နိုင်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

 

” ဒီလောက်လူမုန်းများနေတာဗျာ မကျေနပ်လို့ ရှို့တာဖြစ်မှာပေါ့၊ သူကရုံးအသစ်ဆောက်ချင်နေတာလဲရှိတယ်၊ သူ့ရုံးသူမီးပြန်ရှို့ထားခဲ့တာလဲဖြစ်နိုင်တာပဲ၊ အဲ့ဒီညက သူ့တပည့်တွေနဲ့ တစ်ချက်ထိုး(ည ၁ နာရီ) လောက်ထိရှိနေတယ် ကြားတယ်၊ လောင်တာတော့ မနက် ၄ နာရီလောက်ပဲ တိတိကျကျတော့ မသိဘူး” ဟု မြိုခံတစ်ဦးမှ CJ Platform ကိုပြောသည်။

 

ထို့အပြင် ယင်းအုပ်ချုပ်ရေးမှူးမှာ စစ်ကောင်စီ၏ မျက်နှာသာပေးမှုကို အသုံးချကာ ရုံးအတွင်း ဖဲဝိုင်းများ နေ့စဉ်နီးပါး လုပ်ဆောင်လေ့ရှိပြီး ယခင်လက ဖဲဝိုင်းအတွင်း ဓားထိုးမှုပင် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

 

စစ်အာဏာသိမ်းပြီးနောက် ညောင်တုန်းမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ မီးလောင်ခြင်းသည် ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယခင်နှစ် တန်ဆောင်တိုင်ဘုရားလှည့်လည်ပွဲအတွင်း ဝါယာရှော့ဖြစ်ကာ အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးလောင်ခဲ့သေးသည်။