ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ”(ဧပြီ ၂၁ မှ ၂၇ အထိ)

Author ကိုထားဝယ်
Categories
Published on Apr 28, 2024

အခုပတ်(ဧပြီ ၂၁ မှ ၂၇ အထိ)အတွင်း ကမ္ဘာ့သတင်းမီဒီယာတွေထဲ ကန်နိုင်ငံခြားရေး ဝန်ကြီးရဲ့ တရုတ်ခရီးစဉ်၊ ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့ကို ဒေါ်လာ ၉၅ ဘီလျံအကူအညီ ကန်အထက်လွှတ်တော်နဲ့ သမ္မတ အတည်ပြုပေးလိုက်တဲ့သတင်း၊ ဟားမက်စ်-အစ္စရေး စစ်ပွဲရပ်ပြီး ဓားစာခံတွေလွှတ်ဖို့ နိုင်ငံ ၁၇ ခုက ခေါင်းဆောင်တွေ တောင်းဆိုလိုက်တဲ့သတင်း၊ TikTok ကို ဖိအားပေးမယ့်ဥပဒေကြမ်း ကန်လွှတ်တော်အတည်ပြုလိုက်တဲ့သတင်းတွေနဲ့အတူ ထိပ်တန်းရောက်သတင်းတွေကို CJ Platform ရဲ့ တစ်ပတ်အတွင်း သတင်းကဏ္ဍမှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

****************************************

 

“အပြန်အလှန်သတိပေးမှုတွေနဲ့ ကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ တရုတ်ခရီးစဉ်”

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကို ဧပြီ ၂၅ ရက် ကြာသာပတေးနေ့ ညနေပိုင်းမှာ သွားရောက်ခဲ့ပါတယ်။

 

အဲဒီနေ့အစောပိုင်းကတော့ ရှန်ဟိုင်းမြို့ ဒေသအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး Chen Jiang (ချန်ကျန်း)နဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ နှစ်နိုင်ငံကြား ပူးပေါင်းဆက်ဆံရေးဟာ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

 

အဲဒီနောက် ဧပြီ ၂၆ ရက်နေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ Great Hall ပြည်သူ့ခန်းမမှာ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီမှာ မစ္စတာ ရှီက နှစ်နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်လို့ သဘောထား ကွဲလွဲတာတွေရှိပေမဲ့ ပြိုင်ဘက်တွေ ဖြစ်စရာမလိုဘဲ လက်တွဲဖက်နိုင်ငံတွေသာ ဖြစ်သင့်တယ်လို့ ပြောခဲ့ပါတယ်။

 

အန်တိုနီကလည်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာဖို့ အမေရိကန်ကလည်း လိုလားတယ်လို့ ပြန်ပြောပါတယ်။

 

“နှစ်ဖက် ဆက်သွယ်ပြောဆိုမှုလမ်းကြောင်း ဆက်လက်ထားရှိပြီး ဆက်ဆံရေး ပိုမိုခိုင်မာအောင် တည်ဆောက်သွားဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ သဘောထားကွဲလွဲမှုတွေကို တာဝန်သိစိတ်နဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက် နားလည်မှုလွဲ၊ အထင်အမြင်လွဲပြီး မှားယွင်းတွက်ဆတာတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်” လို့ ကန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

 

အဲဒီနောက် ဘလင်ကန်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်အပြင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ(Wang Yi)နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

 

အဲဒီလို တရုတ်အဓိပဓိတွေနဲ့တွေ့ဆုံပြီးနောက် သောကြာနေ့မှာပဲ ဘလင်ကန်က ရုရှားကို လက်နက်မထောက်ပံ့ဖို့ တရုတ်ကို သတိပေးပြောဆိုလိုက်ပါတယ်။

 

ရုရှားကာကွယ်ရေးဌာန စက်မှုလုပ်ငန်းအတွက် တရုတ်ရဲ့ အထောက်အပံ့ပေးမှုအပေါ် အထူးစိုးရိမ်ကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ဖို့ အသေချာပြင်ဆင်ထားတယ်လို့လည်း သူက ပြောပါတယ်။

 

တရုတ်ခေါင်းဆောင်တွေနဲ့ ဘလင်ကန်တို့ ဆွေးနွေးခဲ့ရာမှာ တရုတ်က ရုရှားကို Microchips တွေ၊ စက်ပစ္စည်းတွေနဲ့ ယူကရိန်းစစ်ပွဲမှာသုံးမယ့် လက်နက်ထုတ်လုပ်ရာမှာ သုံးနိုင်တဲ့ပစ္စည်းတွေ ပေးပို့မှုစတာတွေ ဖြစ်ပါတယ်။

 

ဒီကိစ္စတွေကို တရုတ်ဘက်က မဖြေရှင်းရင် အမေရိကန်က အရေးယူဆောင်ရွက်ရမှာဖြစ်တဲ့အကြောင်း သမ္မတရှီကို သူပြောကြားခဲ့တယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။ ဘယ်လိုအရေးယူမလဲဆိုတဲ့အသေးစိတ်ကိုတော့ သူက မပြောခဲ့ပါဘူး။

 

ဘလင်ကန်ရဲ့ တရုတ်ခရီးစဉ်ဟာ တရုတ်ရဲ့ ရုရှားအပေါ်ကူညီနေမှုအပါအဝင် ကန်-တရုတ်နှစ်နိုင်ငံ အရှုပ်အထွေးတွေ ရှိနေချိန်နဲ့ ထိုင်ဝမ်ကို ကန်ကူညီနေမှုနဲ့ တရုတ်ပိုင် TikTok App ကို ပိတ်ပင်ဖို့ အမေရိကန်ဘက်က ဥပဒေအထိထုတ်ပြန်လုပ်ဆောင်နေမှုတို့ရှိနေချိန်ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကတော့ တရုတ်သမ္မတ ရှီနဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်တို့ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပတဲ့ APEC ထိပ်သီးအစည်းအဝေးမှာ တွေ့ဆုံခဲ့ကြသလို အဲဒီ တွေ့ဆုံမှုနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးမှာ အပြုသဘောဆောင် တိုးတက်မှုတွေရှိခဲ့တယ်လို့ သမ္မတ ရှီက ပြောဆိုခဲ့တဲ့အကြောင်း တရုတ် CCTV သတင်းက ဖော်ပြခဲ့ပါတယ်။

****************************************

 

“တစ်ပတ်အတွင်း အစ္စရေး-ဟားမက်စ် ထူးခြားသတင်းရပ်ဝန်း”

 

“ငါးဦးသေဆုံးခဲ့ရပြန်တဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှု”

 

ဝေဖန်မှုတွေအကြီးအကျယ်ရှိနေတဲ့ကြားက ဧပြီ ၂၅ ရက် ကြာသာပတေးနေ့မှာ ဂါဇာထဲက ပစ်မှတ် ၃၀ ကျော်ကို အစ္စရေးလေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

 

အဲဒီတိုက်ခိုက်မှုတွေထဲက ဂါဇာတောင်ပိုင်း ရာဖာမြို့မှာ အနည်းဆုံး ငါးဦးသေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းဘက်က ဆိုပါတယ်။

 

အစ္စရေးတပ်တွေကို ရော့ကက်လောင်ချာတွေနဲ့ပစ်ခတ်နေတဲ့ ဟားမက်စ်ကုန်လှောင်ရုံအပါအဝင် ဂါဇာအလယ်ပိုင်းဒေသကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အစ္စရေးကာကွယ်ရေးတပ်ဘက်က ပြန်ရှင်းပါတယ်။

 

ဂါဇာဒေသခံတွေအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၁ ဘီလျံနဲ့ စစ်ရေးအသုံးစရိတ်အပါအဝင် အစ္စရေးအတွက် ဒေါ်လာ ၂၆ ဒသမ ၄ ဘီလျံပေးအပ်မယ့် အမေရိကန်ရဲ့ပြည်ပအကူအညီ ဒေါ်လာ ၉၅ ဘီလီယံ ချထားပေးမယ့် ဥပဒေကြမ်းကို သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးပြီး နောက်တစ်နေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာ အခုလို ဂါဇာမှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေခဲ့တာပါ။

 

ဧပြီ ၂၃ ရက် ဗုဒ္ဓဟူးနေ့ကတော့ ဂါဇာအတွက် လူသားစာနာမှုအကူညီပေးရာမှာသုံးမယ့် ဆိပ်ကမ်းတည်ဆောက်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း ဂါဇာအကူညီပေးရေးဆိုင်ရာ ကုလသမဂ္ဂအရာရှိက ကုလလုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။

 

အဲဒီတချိန်တည်းမှာပဲ ဟားမက်စ်တွေက အစ္စရေး-အမေရိကန် ဓားစားခံတစ်ဦးဖြစ်တဲ့ ဟက်ရှ် ဂိုးဘက်ဂ် ပိုလင်(Hersh Goldberg-Polin)လို့ ယူဆရသူရဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု(Benjamin Netanyahu)ကို ဝေဖန်အပြစ်တင်ပြောကြားနေတဲ့ ရုပ်သံဖိုင်ကိုထုတ်ပြန်ခဲ့ပါတယ်။

 

ဒီဗွီဒီယိုနဲ့ပတ်သက်ပြီး FBI က စုံစမ်းနေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ သူဟာ အောက်တိုဘာ ၇ ရက် အစ္စရေးကို ဟားမက်စ်တွေ ဝင်ရောက်တိုက်ခိုက်ချိန်က အဖမ်းခံရသူဖြစ်ကြောင်း သူ့မိသားစုဘက်က အတည်ပြုထားပါတယ်။

****************************************

 

“အစ္စရေး-ဟားမက်စ်စစ်ပွဲ စေ့စပ်နိုင်ရေးကြိုးစားမယ့် အီဂျစ်”

 

ဟားမက်စ်ကစတဲ့စစ်ပွဲဟာ အစ္စရေးရဲ့လက်တုံ့ပြန်မှုကြောင့် တဖြည်းဖြည်းပိုမိုကြီးထွားလာခဲ့ပြီး ကြားက မြေစာပင်ပြည်သူတွေ ကြားညပ်ခဲ့ရပါတယ်။

 

ဒါကြောင့် ဒီအရေးအဆုံးသတ်နိုင်ဖို့ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီးတွေ စစ်မြေပြင် ဂါဇာကမ်းမြောင်ဒေသကလူတွေ အလိုရှိနေကြတာပါ။

 

အခုထပ်မံပြီး အစ္စရေးဘက်က ဂါဇာတောင်ပိုင်း အီဂျစ်နယ်စပ်နားက ရာဖာမြို့မှာ အစ္စရေး ထိုးစစ်ဆင်မယ့်အနေအထားရှိလာချိန်မှာ အီဂျစ်က ဝင်ရောက်စေ့စပ်ဖို့ ခြေလှမ်းပြင်တဲ့သဘောနဲ့ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ကို ဧပြီ ၂၆ ရက် သောကြာနေ့မှာ စေလွှတ်ခဲ့ပါတယ်။

 

အီဂျစ်ညှိနှိုင်းရေးအဖွဲ့ကို အဆင့်မြင့်ထောက်လှမ်းရေးအရာရှိ ဗိုလ်ချုပ် အဘက်စ် ကာမဲလ်(Abbas Kamel)က ဦးဆောင်လာတာပါ။ ဂါဇာမှာ ရေရှည် အပစ်အခတ်ရပ်စဲရေးအတွက် ပုံစံအသစ်ချပြ ဆွေးနွေးဖို့ရှိတယ်လို့ ထိရှလွယ်တဲ့အခြေအနေကြောင့် အမည်မဖော်လိုတဲ့ အီဂျစ်အရာရှိရဲ့ပြောကြားချက်ကို AP နဲ့ ရိုက်တာသတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

 

အစ္စရေးဘက်ကတော့ ပါလက်စတိုင်းအကျဉ်းသားတွေနဲ့ ဟားမက်စ်တို့ ဖမ်းထားတဲ့ ဓားစာခံ ၃၃ ယောက် လဲလှယ်ရာမှာ ကန့်သတ်အပစ်ရပ်ဖို့ ဆန္ဒရှိနေပြီး ဒါဟာ ဂါဇာစစ်ပွဲ အဆုံးသတ်ရေး ဆက်ညှိနှိုင်းဖို့ အထောက်အကူဖြစ်စေမယ်လို့လည်း ပြောပါတယ်။

 

ဟားမက်စ်နဲ့ တခြား ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့တွေ အခုထိ ဖမ်းထားတဲ့ ဓားစာခံ စုစုပေါင်းက ၁၃၃ ယောက်ရှိနေပြီး ဒီအထဲက အမျိုးသမီး ၃၃ ယောက်၊ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းသူတွေ ဂါဇာမှာ အသက်ရှင်လျက်ရှိနေတယ်လို့ အစ္စရေးသတင်းတွေက ဖော်ပြပါတယ်။ ညှိုနှိုင်းရေးမှူးတွေဟာ နှစ်ဘက် အပေးအယူ လုပ်လာအောင် ကြိုးစားနေပေမဲ့ အစ္စရေးဘက်က နောက်ထပ်ကမ်းလှမ်းမှု မရှိဘူးလို့လည်း ပြောပါတယ်။ တကယ်လို့ သဘောတူညီချက်ရရင်တောင် ယာယီအပစ်ရပ်မှုဟာ သီတင်း ၆ ပတ်ထက် ပိုမခံနိုင်ဘူးလို့လည်း ပြောပါတယ်။

****************************************

 

“ဟားမက်စ်ဖမ်းထားတဲ့ ဓားစာခံတွေလွှတ်ပေးဖို့ အမေရိကန်နဲ့ ၁၇ နိုင်ငံပူးပေါင်းတောင်းဆို”

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက် အစ္စရေးက ဂီတဖျော်ဖြေပွဲထဲကနေ ဟားမက်စ်ဘက်က ဖမ်းဆီးသွားတဲ့ဓားစာခံတွေ ချက်ချင်းလွှတ်ပေးဖို့နဲ့ အစ္စရေးဘက်က ချက်ချင်းအပစ်ရပ်ဖို့ အမေရိကန်နဲ့အတူ နိုင်ငံပေါင်း ၁၇ နိုင်ငံက တောင်းဆိုလိုက်ကြပါတယ်။

 

အမေရိကန်သမ္မ တဂျိုးဘိုင်ဒန်နဲ့အတူ အာဂျင်တီးနား၊ ဘရာဇီးလ်၊ ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ ဗြိတိန်နဲ့ ထိုင်း ပါဝင်တဲ့ ၁၇ နိုင်ငံက ခေါင်းဆောင်တွေက လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြတာဖြစ်ပါတယ်။

 

သူတို့တွေနဲ့အတူ တခြားကမ္ဘာ့နိုင်ငံတွေလည်း ပူးပေါင်း ပါဝင်ကြဖို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုတွေက တောင်းဆိုခဲ့ကြပါသေးတယ်။

 

အမေရိကန်၊ ဂျာမန်၊ ပြင်သစ်၊ ဗြတိန်၊ အာဂျင်တီးနား၊ ကနေဒါအပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံက လူတွေ ပြန်ပေးဆွဲခံထားရတာဟာ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ လူသားဘေး ပြဿနာတစ်ခုဖြစ်လာနေတယ်လို့ ပြန်ပေးဆွဲ ခံထားရသူတွေရဲ့ မိသားစုဆွေမျိုးတွေက ပြောဆိုလိုက်ကြပါတယ်။

 

ဒါပေမဲ့ ဒီတောင်းဆိုမှုတွေထဲ ပါလက်စတိုင်းဘက်က တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ဘာမှမဖော်ပြထားဘူးလို့ ဟားမက်စ်ဘက်က သောကြာနေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

****************************************

 

“ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ် စစ်အထောက်အပံ့ ကန်နဲ့ UK အတည်ပြု”

 

ပြည်ပအထောက်အပံ့တွေလိုနေတဲ့ ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်နိုင်ငံတွေကို အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်တို့က စစ်လက်နက်အပါအဝင် ငွေကြေးတွေ ထောက်ပံ့မှာဖြစ်တယ်လို့ အခုဧပြီနောက်ဆုံးပတ်ထဲမှာ အတည်ပြုလိုက်ကြပါတယ်။

 

ရုရှားရဲ့ ကျူးကျော်စစ်ခံနေရတဲ့ ယူကရိန်းကိုတော့ အမေရိကန်ရော၊ ဗြိတိန်တို့က အထောက်အပံ့ပေးသွားမှာဖြစ်ပါတယ်။ ယူကရိန်းကို ဗြိတိန်က ကန်ဒေါ်လာ သန်း ၆၂၀ အထိ ထောက်ပံ့မှာဖြစ်ပါတယ်။ အမေရိကန်ကတော့ သုံးနိုင်ငံစလုံးကို ဒေါ်လာ ၉၅ ဘီလျံအထိ အချိုးကျထောက်ပံ့ပေးသွားဖို့ ဧပြီ ၂၄ ရက်မှာ သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးပေးလိုက်တာပါ။

 

အဆိုပြုချက်မူကြမ်းကို အမေရိကန် အထက်လွှတ်တော်က ဧပြီ ၂၃ ရက် အင်္ဂါနေ့ နှောင်းပိုင်းမှာ မဲခွဲ အတည်ပြုလိုက်ပြီးတဲ့နောက် ဘိုင်ဒန်က နောက်တစ်နေ့မှာပဲ လက်မှတ်ရေးထိုးပေးခဲ့တာဖြစ်ပါတယ်။

 

လက်မှတ်ထိုးပေးလိုက်အပြီး ဘိုင်ဒန်ကတော့ အမေရိကန်ပြည်ထောင်စုဟာ အကြမ်းဖက်သမားတွေနဲ့ အာဏာရှင်တွေကို တိုက်ခိုက်နေတဲ့ မိတ်ဆွေနိုင်ငံတွေကို ထောက်ခံကူညီပေးနေတာဖြစ်ပြီး အခု ပြဌာန်းလိုက်တဲ့ဥပဒေကြောင့် ကမ္ဘာကြီး ပိုမိုလုံခြုံသွားစေမယ်လို့ ပြောပါတယ်။

 

ကန်အကူအညီထဲ အရေးပေါ်အနေနဲ့ ယူကရိန်းကို ချက်ချင်း ၁ ဘီလျံပေးလိုက်တာပါ။ အမေရိကန်ကူညီပေးမယ့် သုံးနိုင်ငံထဲ ယူကရိန်းကိုအများဆုံးအနေနဲ့ ၆၁ ဘီလျံအထိပေးမှာဖြစ်ပါတယ်။

 

အကူအညီတွေထဲမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်၊ အမြောက်ကျည်တွေ၊ သံချပ်ကာယာဉ်တွေနဲ့ တခြားလက်နက်တွေ ပါဝင်ပါတယ်။ ဒီမိုကရက်တစ် သမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့ ယူကရိန်းအတွက် အရေးပေါ်လိုအပ်နေတဲ့ အကူအညီတွေ ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့ ရီပတ်ဘလီကန်အတိုက်အခံတွေနဲ့ အချိန်ကာလအတော်ကြာ အချေအတင်ဖြစ်ခဲ့တာကနေ အဆုံးမှာ ကျော်လွှားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လအတော်ကြာ အကူအညီပေးရေးနှောင့်နှေးခဲ့လို့ ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းအစိုးရအတွက် အကူအညီပေးနိုင်ဖို့ ဘိုင်ဒန်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေမှာ သိသိသာသာ ဆုံးရှုံးထိခိုက်မှုတွေဖြစ်ခဲ့ပါတယ်။

 

လက်နက်နဲ့ ခဲယမ်းအသစ်တွေ လနဲ့ချီ ကြန့်ကြာခဲ့လို့ ယူကရိန်းဟာလည်း စစ်ရေးမှာ လတ်တလော ချက်ချင်းပြန်လည် အသာစီးရဖို့ မဖြစ်နိုင်တဲ့အခြေအနေနဲ့ ကြုံနေရပါတယ်။

 

ကန်ကူညီမယ့်အထဲက ဒေါ်လာ ၂၆ ဘီလျံ က ဟားမက်စ် စစ်ဖြစ်နေတဲ့ အစ္စရေးနိုင်ငံနဲ့ ကျန် ၈ ဘီလီယံကတော့ တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရတဲ့ ထိုင်ဝမ်ကျွန်းနဲ့ တခြား အင်ဒို-ပစိဖိတ်ဒေသအတွက်ဖြစ်ပါတယ်။

 

ဗြိတိန်ရဲ့ ယူကရိန်းအတွက် သန်း ၆၂၀ စစ်ရေးအကူအညီထဲ တာဝေးပစ် ဒုံးကျည်တွေနဲ့ လက်နက်ခဲယမ်းမီးကျောက် လေးသန်းပါဝင်ပါတယ်။

****************************************

 

 

“အမေရိကန်ကို ရန်ရှာနေတဲ့ တရုတ်ပိုင်လူမှုကွန်ရက်”

 

လက်ရှိကမ္ဘာ့ရေးပန်းအစားဆုံးလူမှုကွန်ရက်ဖြစ်နေတဲ့ တရုတ်ပိုင် TikTok ဟာ အမေရိကန်ပြည်ထောင်စုကို အကြီးအကျယ်ရန်ရှာနေတာပါ။

 

အဲဒါကြောင့် TikTok ကိစ္စ အမေရိကန်တာဝန်ရှိသူတွေ ခေါင်းရှုပ်နေခဲ့ရတာ နှစ်ရှည်လများကြာငြောင်းနေပါပြီ။ အခုတော့ အထက်လွှတ်တော်အထိ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

 

TikTok ကို ဖိအားပေးမယ့် ဥပဒေကြမ်းကို ကန်အထက်လွှတ်တော်မှာ ဒီတစ်ပတ်ထဲ အတည်ပြုလိုက်ကြပါတယ်။

 

TikTok ကို မိခင်ကုမ္ပဏီ ByteDance ကနေ ကိုးလအတွင်း ခွဲမထွက်ရင် ဒါမှမဟုတ် အမေရိကန်ဈေးကွက်မှာ တားမြစ်မယ့် ဥပဒေကို အမေရိကန် အထက်လွှတ်တော်က ဧပြီ ၂၃ ရက် အင်္ဂါနေ့နှောင်းပိုင်းမှာ မဲခွဲအတည်ပြုလိုက်ကြတာပါ။

 

လူငယ်တွေကြား ရေပန်းစားတဲ့ TikTok ဟာ အသုံးပြုသူတွေကနေတစ်ဆင့် စုံစမ်းထောက်လှမ်းမှုနဲ့ အချက်အလက်စုဆောင်းမှုတွေကို လုပ်နေတယ်လို့ အမေရိကန်ဘက်က စိုးရိမ်နေကြတာဖြစ်ပါတယ်။

 

ဒါကြောင့် အမေရိကန် အောက်လွှတ်တော်က ဧပြီ ၂၀ ရက် စနေနေ့က အတည်ပြုခဲ့တာကို အထက်လွှတ်တော်က ထပ်မံအတည်ပြုခဲ့တာပါ။ နောက်ဆုံးအဆင့် ဥပဒေအဖြစ် အတည်ပြုနိုင်ဖို့ကတော့ သမ္မတ ဂျိုး ဘိုင်ဒင်ရဲ့ လက်မှတ်လိုနေပါသေးတယ်။

 

TikTok ကုမ္ပဏီဘက်ကတော့ အမေရိကန်ဘက်က အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို တရုတ်အစိုးရထံ ဖြန့်ဝေသွားမှာ မဟုတ်ဘူးလို့ ပြောထားသလို ဒီလို ပိတ်ပင်ဖို့ လုပ်တာဟာ အမေရိကန်နိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ လွတ်လပ်စွာပြောဆိုခွင့်ကိုချိုးဖောက်တာပဲလို့လည်း တုံ့ပြန်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုမ္ပဏီက ချက်ချင်းမှတ်ချက်မပေးခဲ့ပေမဲ့ သီတင်းပတ်ကုန်တွင်းမှာတော့ ကုမ္ပဏီဘက်က တရားရုံးမှာ ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။

****************************************

 

“ရဟတ်ယာဉ်ပေါ်ပါသူတွေ အားလုံးသေဆုံးစေခဲ့တဲ့ မတော်တဆမှု”

 

မလေးရှားနိုင်ငံမှာ စစ်ရဟတ်ယာဉ်နှစ်စင်း တိုက်မိကာ ပျက်ကျခဲ့တဲ့အတွက် လေယာဉ်ပေါ်မှာ ပါလာသူ လူ ၁၀ ဦးစလုံး သေဆုံးခဲ့ကြပါတယ်။

 

အဲဒီဖြစ်စဉ်ဟာ မေလထဲမှာကျင်းပမယ့် မလေးရှား ရေတပ် နှစ် ၉၀ ပြည့် နှစ်ပတ်လည်အခမ်းအနားအတွက် မြောက်ပိုင်းရှိ ရေတပ်အခြေစိုက်စခန်းမှာ လေ့ကျင့်နေရင်း ပျက်ကျတာဖြစ်ပါတယ်။

 

ရဟတ်ယာဉ်ခုနစ်စင်း တန်းပြီးပျံသန်းနေချိန် ညာအစွန်က ရဟတ်နှစ်စင်း ဒလက်ခြင်းရိုက်ခတ်မိပြီး မတော်တဆဖြစ်ပွားခဲ့တာပါ။

 

မတော်တဆမှုဖြစ်ရတဲ့အကြောင်းရင်းကို သိရှိနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောထားပါတယ်။