ကန်တစ်ဒေါ်လာ ၅၅၀၀ ကျော်အထိတက်လာပြီးနောက် နိုင်ငံခြားငွေကစားသူ ၉၀ ကျော်ကို စစ်ကောင်စီ စိစစ်အရေးယူနေလို့ထုတ်ပြန်

Author ကိုထားဝယ်
Categories
Published on Aug 02, 2024

အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေဈေးတွေ တောက်လျှောက်တက်လာပြီးနောက် နိုင်ငံခြားငွေကြေးကစားသူ ၉၃ ဦးကို စိစစ်အရေးယူနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။

 

စစ်ကောင်စီဗဟိုဘဏ်က အဲဒီလူ ၉၀ ကျော်ရဲ့ နာမည်စာရင်းနဲ့တကွ ထုတ်ပြန်လာတာတွေ့ရပြီး သူတို့ရဲ့ ဘဏ်ငွေစာရင်းများနဲ့ Pay Account များကိုလည်း ယာယီဆိုင်းငံ့ထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

ယခုနှစ် မေလ ၂၄ ရက်မှ ဇွန်လ ၄ ရက်နေ့အထိ နိုင်ငံခြားငွေကြေးကစားနေသူနဲ့ ဟွန်ဒီလုပ်ငန်းလုပ်ကိုင်သူ ၃၉ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံခြားငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်စေအောင်လုပ်နေတယ်ဆိုပြီး Nuggets(Viber Group)၊ Seven Star ဈေးနှုန်း၊ ဒေါ်လာရောင်းဝယ်ရေးနဲ့ Update ဈေးနှုန်းများ၊ SDollor Exchange Service MM စတဲ့ လူမှုကွန်ရက်ချုပ်ကိုင်ထားသူတွေကို စုံစမ်းနေတယ်လို့ အဲဒီထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၃ ရက်မှ ယခုနှစ် ဩဂုတ် ၁ ရက်နေ့အထိ စစ်ကောင်စီဗဟိုဘဏ်ရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရုပ်သိမ်းခံထားရတဲ့ Money Changer ၁၉၄ ခုအထိရှိတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ယခုနှစ် မတ်လ ၄ ရက်မှ ဇူလိုင် ၃၀ ရက်နေ့အထိ ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာလိုသူတွေကို ကမ္ဘောဇ၊ ဧရာဝတီ၊ UAB ဘဏ်တို့နဲ့ AD လိုင်စင်ရ Money Changer တို့မှ အမေရိကန်ဒေါ်လာ ၇၅၅,၇၉၆ အထိ ရောင်းချပေးခဲ့တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ဆိုပါတယ်။

 

စစ်ကောင်စီဟာ ပြည်တွင်းကျပ်ငွေဈေးကျဆင်းပြီး နိုင်ငံခြားငွေလဲနှုန်းနဲ့ ရွှေဈေးတွေအဆမတန်မြင့်တက်လာပါက ထုံးစံအတိုင်း လူဖမ်းပွဲများပြုလုပ်လေ့ရှိတာပါ။

 

အခုလည်း အမေရိကန်တစ်ဒေါ်လာ ၅၅၀၀ ကျပ်ကျော်နဲ့ အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ကျပ်သိန်း ၇၀ နီးပါးအထိတက်သွားပြီးနောက် စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ရဲ့ ယခုထုတ်ပြန်ချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

ဒီကနေ့ ဩဂုတ် ၂ ရက် မနက်ပိုင်းမှာတော့ အမေရိကန်တစ်ဒေါ်လာ ၅၄၅၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၉၀၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၄၉ ကျပ်ကျော်၊ ဂျပန်တစ်ယမ်း ၃၅ ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ် ၁၁၆၀ ကျပ်နဲ့ တရုတ်တစ်ယွမ် ၇၃၁ ကျပ်ရှိတယ်လို့ ငွေကြေးဈေးကွက်အတွင်းမှ သိရပါတယ်။

 

ဒီကနေ့မနက်ပိုင်း ပြင်ပရွှေဈေးကွက်အတွင်း အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ၆၉ သိန်း ငါးသောင်းကျပ်အထိမြင့်တက်လာတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Pro-SAC