မဲဆွယ်စည်းရုံးရက်အလွန်မှာ ထောက်ပံ့ငွေပေးပြီး လဝကဝန်ကြီး စည်းရုံးမဲဆွယ်
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက လုပ်ဆောင်ခဲ့တဲ့ ယာယီရွှေ့ပြောင်းနေထိုင်သူတွေအတွက် ထောက်ပံ့ငွေပေးအပ်ပွဲမှာ စစ်အုပ်စုရဲ့ လဝကဝန်ကြီး ဦးမြင့်ကြိုင်က တက်ရောက်လာပြီး မဲဆွယ်စည်းရုံးရေး ဆင်းခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
ဦးမြင့်ကြိုင်ဟာ ဝါးခယ်မမြို့နယ် ရွှေခယ်သီရိခန်းမမှာ ယာယီရွှေ့ပြောင်းနေထိုင်သူ ၁၈၀ ကျော် (၁၈၆ ဦး) အတွက် သုံးလစာ ထောက်ပံ့ငွေကျပ် (၁၀၈) သိန်းကျော်အပြင် အဝတ်အထည်၊ စားသောက်ဖွယ်ရာတွေကိုပါ ပေးအပ်ခဲ့ပြီး မဲဆွယ်စည်းရုံးခဲ့တယ်လို့ သိရပါတယ်။
ဦးမြင့်ကြိုင်ဟာ စစ်အုပ်စုရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဖြစ်ပြီး၊ စစ်အုပ်စုရွေးကောက်ပွဲမှာလည်း ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် PR မဲဆန္ဒနယ် အမှတ်(၁)မှာ ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့်သူ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ သတ်မှတ်ထားတဲ့ မဲဆွယ်စည်းရုံးရေးကာလဟာ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ကုန်ဆုံးခဲ့ပေမယ့် ဦးမြင့်ကြိုင်အနေနဲ့ ဝန်ကြီးတစ်ဦးအဖြစ် ထောက်ပံ့ငွေပေးအပ်ပွဲတက်ရောက်ပြီးနောက် မဲဆွယ်စည်းရုံးမှုတွေကိုပါ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဦးမြင့်ကြိုင်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက ဝန်ကြီးအဖြစ် ခန့်အပ်ခံရသူဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ၂၀၂၃ ခုနှစ်မှာ ဥရောပသမဂ္ဂ (EU) တို့ရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းမှာ ထည့်သွင်းခံထားရသူလည်းဖြစ်ပါတယ်။
ဓာတ်ပုံ – Pro-SAC
