ဆွီဒင် AP ရန်ပုံငွေအဖွဲ့တွေအနေနဲ့ စစ်အုပ်စုနဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံတာ ရုပ်သိမ်းဖို့ JFM တောင်းဆို
မြန်မာပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုနဲ့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေမှာ ဆွီဒင်အမျိုးသား ရန်ပုံငွေ အဖွဲ့ (AP Fund) က ရင်းနှီးမြှုပ်နှံမှု ဆက်လက်လုပ်ဆောင်နေတာဟာ လက်မခံနိုင်စရာကိစ္စ ဖြစ်တယ်လို့ Justice For Myanmar (JFM) က CJ Platform ကို ပြောပါတယ်။
မြန်မာစစ်အုပ်စုနဲ့ အကျိုးတူး စီးပွားရေးတွေ လုပ်ဆောင်နေတဲ့ အိန္ဒိယ၊ ဂျပန်နဲ့ ထိုင်းတို့က ကုမ္ပဏီတွေမှာ ဆွီဒင်နိုင်ငံ AP Fund အဖွဲ့တွေက အမေရိကန်ဒေါ်လာ ၄၈၄ သန်းကျော် ရင်းနှီးမြှုပ်နှံထားတယ်လို့ JFM က ဆိုပါတယ်။
ဆွီဒင်အမျိုးသားပင်စင် ရန်ပုံငွေ အဖွဲ့တွေဖြစ်တဲ့ AP1၊ AP2၊ AP3၊ AP4 နဲ့ AP7 တို့ဟာ စစ်အုပ်စုထံ လက်နက်ရောင်းနေတဲ့ အိန္ဒိယကုမ္ပဏီ Bharat Electronics နှင့် Hindustan Aeronautics တို့မှာ ရင်းနှီးမြှုပ်နှံထားသလို မြန်မာ့ဆက်သွယ်ရေးကုမ္ပဏီ MPT မိတ်ဖက် ဂျပန်ကုမ္ပဏီ KDDI နဲ့ Sumitomo တို့မှာလည်း ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။
MPT မိတ်ဖက် ဂျပန်ကုမ္ပဏီ KDDI နှင့် Sumitomo တို့ဟာ ဆက်သွယ်ရေးနဲ့ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာကုမ္ပဏီတွေ ဖြစ်တာကြောင့် သူတို့ရဲ့ အချက်အလက်စင်တာတွေမှာ စစ်အုပ်စုက အင်တာနက် စောင့်ကြည့်ထိန်းချုပ်မှု နည်းပညာတွေကို တပ်ဆင်ထားပြီး တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေကို ဖမ်းဆီးခြင်း၊ ပစ်မှတ်ထားခြေရာခံခြင်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တိုက်ရိုက် ဆက်နွှယ်၊ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေမှာ AP Funds အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်လုပ်ဆောင်နေတာက လက်မခံနိုင်ဖွယ်ရာ ဖြစ်ပါတယ်” လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုအတွက် အဓိက ဘဏ္ဍာရေးဝင်ငွေရရာလမ်းကြောင်းဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာလည်း စစ်အုပ်စုနဲ့ အကျိုးတူ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နေတဲ့
ထိုင်းကုမ္ပဏီ PTT နဲ့ PTTEP ၊ အိန္ဒိယကုမ္ပဏီ GAIL တို့မှာလည်း ဆွီဒင်အမျိုးသား ပင်စင်ရန်ပုံငွေအဖွဲ့တွေက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ထားတယ်လို့ JFM က ပြောပါတယ်။
စစ်အုပ်စုနဲ့ အကျိုးတူ စီးပွားရေးလုပ်ဆောင်နေတဲ့ အိန္ဒိယ၊ ဂျပန်နဲ့ ထိုင်းကုမ္ပဏီတွေထဲမှာ ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့တစ်ခုဖြစ်တဲ့ AP7 က ရင်းနှီးမြှုပ်နှံမှု အများဆုံး လုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။
ဒါဟာ မြန်မာပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်အုပ်စုကို တစိတ်တပိုင်း ကူညီအားပေးရာရောက်ပြီး AP ရန်ပုံငွေအဖွဲ့တွေအနေနဲ့ သူတို့ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေကို
စစ်အုပ်စုနဲ့ အကျိုးတူ စီးပွားရေးလုပ်ဆောင်တာတွေ ဖြတ်တောက်ဖို့ ဖိအားပေးဖို့လိုအပ်ပြီး လိုက်နာမှု မရှိပါက ဒီကုမ္ပဏီတွေကနေ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းဖို့ ကိုလည်း JFM က တောင်းဆိုထားပါတယ်။
ဆွီဒင်နိုင်ငံသားတွေအနေနဲ့လည်း သူတို့ရဲ့ ပင်စင်အရင်းအနှီးတွေကို မသမာစီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတာကို လိုလားမှာမဟုတ်သလို ဆွီဒင်အမျိုးသားပင်စင်ရန်ပုံငွေအဖွဲ့တွေ အရေးယူဆောင်ရွက်လာတဲ့အထိ တိုက်တွန်းတောင်းဆိုမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ မရတနာမောင်က ပြောပါတယ်။
ကမ္ဘာတဝန်းက ပင်စင်ရန်ပုံငွေအဖွဲ့တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို မြန်မာစစ်တပ်နဲ့ ဆက်နွှယ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေ ရုပ်သိမ်းဖို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုတွေ ရှိခဲ့ချိန် လိုက်နာလုပ်ဆောင်မှုတွေ လည်း ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
AP Funds အဖွဲ့တွေအနေနဲ့လည်း လူ့အခွင့်အရေး တာဝန်ဝတ္တရားတွေကို လေးစားလိုက်နာဖို့ လိုအပ်ပြီး ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေရဲ့ ကြံရာပါပတ်သက်မှုနဲ့ တရားမဝင် စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ခံနေရတဲ့ မြန်မာပြည်သူတွေဘက်ကနေ ရပ်တည်ဖို့ လိုအပ်တယ်လို့လည်း JFM က ပြောပါတယ်။
ဓာတ်ပုံ – JFM
#CJPlatform #JFM #ဆွီဒင်
