မြန်မာနိုင်ငံအတွင်း မြေရှားတူးဖော်နေတဲ့နေရာပေါင်း ၃၅နေရာအထက် ရှိနေပြီး ၉ လအတွင်း ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုးထိ တရုတ်ကို ​တင်ပို့ထား

Author CJ Platform
Categories
Published on Nov 28, 2025

ရှမ်းပြည်အရှေ့ပိုင်း အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်/မိုင်းလားတပ်ဖွဲ့ (NDAA) ထိန်းချုပ်ဒေသထဲမှာ မြေရှားသတ္တု တူးဖော်တဲ့နေရာ ၁၉ နေရာ အထိရှိနေပြီး “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသထဲမှာ မြေရှားတူးဖော်တဲ့နေရာ ၂၆ နေရာ အထိ ရှိလာတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ထံက သိရပါတယ်။

 

မြေရှားသတ္တု တူးဖော်မှုဟာ ရှမ်းပြည်အရှေ့ပိုင်း မိုင်းလား၊ မိုင်းပေါက်နဲ့ မိုင်းယွန်းမြို့နယ်တို့မှာ မြေရှားတူးဖော်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေတာကြောင့် အခု ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံကို မြေရှားတင်ပို့မှုတန်ချိန် ၂၈,၀၀၀ အထိရှိခဲ့တယ်လို့ ISP Myanmar ကလည်း အခု နိုဝင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

ဒါဟာ အခုနှစ် ဇန်နဝါရီက စက်တင်ဘာလအတွင်း တရုတ်နိုင်ငံဆီကို မြေရှားတင်ပို့ခဲ့တာဖြစ်ပြီး အဲဒီကနေ အမေရိကန်ဒေါ်လာ ၆၂၄ သန်း အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။

 

မြေရှားထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်နှိုင်းယှဉ်ပါက တန်ချိန် ၁၀,၀၀၀ နီးပါး လျော့ကျခဲ့ပေမဲ့ ရှမ်းအရှေ့ပိုင်းမှာတော့ မြေရှားလုပ်ကွက်နေရာတွေ ပိုမိုများပြားလာနေတယ်လို့ SHRF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

“တရုတ်ကတော့ ရတဲ့နေရာကနေ သူတို့တူးမှာပဲ။ မြေရှားတင်ပို့မှု မလျော့သွားဘူးဆိုတာ ရှမ်းအရှေ့ပိုင်းမှာ တူးဖော်မှုတွေက အများကြီးရှိနေတယ်။ မိုင်းလားထဲရော၊ UWSA နေရာတွေဖြစ်တဲ့ မိုင်းပေါက်နေရာတွေမှာလည်း တူးတယ်။ အခု မိုင်းယွန်းဘက်မှာလည်း မြေရှားတွေ တူးနေတာ ကျွန်မတို့ အသစ်ထပ်တွေ့ထားတယ်” လို့ SHRF သတင်းပြန်ကြားရေးတာဝန်ခံ ယိင်းလျန်းဟန်က CJ Platform ကို ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့မြေရှားထုတ်လုပ်မှုအများဆုံးနိုင်ငံတွေထဲမှာ တရုတ်နိုင်ငံက ၅၉% နဲ့ ထိပ်ဆုံးမှာရှိပြီး မြန်မာက ၁၇ ရာခိုင်နှုန်း နဲ့ ဒုတိယနေရာမှာရှိနေကာ အမေရိကန် ၁၀ ရာခိုင်နှုန်း၊  ဩစတြေးလျ ၇ရာခိုင်နှုန်း၊  လာအို ၄ရာခိုင်နှုန်း နဲ့ အခြားနိုင်ငံတွေက ၆ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) က ပြီးခဲ့တဲ့ အောက်တိုဘာလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ကချင်ပြည်ထဲက မြေရှားတူးဖော်မှုအများဆုံးရှိခဲ့တဲ့ ပန်ဝါ၊ ချီဖွေနဲ့ မံစီဒေသတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းယူထိန်းချုပ်ခဲ့ပြီးနောက် ကချင်ဒေသထဲမှာ မြေရှားတူးဖော်မှု ရပ်တန့်ခဲ့ပြီး ရှမ်းအရှေ့ပိုင်းမှာ မြေရှားတူးဖော်မှုတွေ အရှိန်အဟုန်နဲ့ တိုးမြှင့်လာတာ ဖြစ်ပါတယ်။

 

ရှမ်းအရှေ့ပိုင်း မဲခေါင်မြစ်အနီး မြေရှားတူးဖော်မှုတွေအပါအဝင် အခြားသတ္တုတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေရှိခဲ့သလို မဲခေါင်မြစ် ရေထုညစ်ညမ်းမှု၊ အဆိပ်သင့်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့နဲ့ ထိုင်းအစိုးရက တာဝန်ရှိသူတွေနဲ့ကလည်း ကန့်ကွက်မှုတွေ တိုးလာနေပါတယ်။

 

ဓာတ်ပုံ – Global Witness