ဧရာဝတီမြစ်ရေ မြစ်ကြီးနားမြို့မှာ တစ်ရက်အတွင်း ၁၀ ပေခန့် မြင့်တက်

Author CJ Platform
Categories
Published on May 28, 2025

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေဟာ မနေ့ မေလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းကနေ ဒီနေ့ မေလ ၂၈ ရက် မနက် ၁၀ နာရီခွဲအထိ တစ်ရက်အတွင်း ၁၀ ပေခန့် မြင့်တက်လာခဲ့ပြီး တဖြည်းဖြည်း ဆက်လက် မြင့်တက်လာဖွယ် ရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန (DMH) အဖွဲ့ဝင် ဦးနိုင်လင်းထွေးရဲ့ ရေးသားထားချက်အရ သိရပါတယ်။

 

မြန်မာနိုင်ငံအတွင်း မုတ်သုံဝင်ပြီး မိုးဦးကာလ ဖြစ်နေတဲ့အတွက် ဧရာဝတီမြစ်အထက်ပိုင်းဒေသနဲ့ မြစ်ဆုံအထက်ပိုင်းမှာ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြစ်ကြီးနားမြို့အနီး ဧရာဝတီမြစ်ရေ မြင့်တက်လာခြင်း ဖြစ်ပါတယ်။

 

ထို့အပြင် မေလကုန်နဲ့ ဇွန်လဆန်းပိုင်းအထိလည်း မြစ်ကြီးနားမြို့ရှိ မြစ်ရေဟာ နောက်ထပ် တစ်ကြိမ် မြင့်တက်လာနိုင်တယ်လို့ ဦးနိုင်လင်းထွေးက ခန့်မှန်းရေးသားထားပါတယ်။

 

လက်ရှိမှာ မြစ်ကြီးနားမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၃၉ ပေ (၁,၂၀၀ စင်တီမီတာ) ထိ မရောက်သေးဘဲ စိုးရိမ်ရေအမှတ်ထက် ၁၈ ပေခန့် နည်းနေဆဲ ဖြစ်တာကြောင့် မြို့တဝိုက်မှာ စိုးရိမ်ဖွယ် မရှိသေးဘူးလို့ သိရပါတယ်။

 

မြန်မာနိုင်ငံမြောက်ပိုင်းစွန်းဒေသများဖြစ်တဲ့ ပူတာအိုခရိုင်အတွင်း မချမ်းဘော့၊ ပန်နန်းဒင်၊ ခေါင်လံဖူး၊ နောင်မွန်း၊ ဆွမ်ပရာဘွမ်၊ ဆော့လော်နဲ့ ချီဖွေဒေသတွေမှာ တိမ်ထူထပ်ပြီး မိုးအသင့်အတင့်ကနေ မိုးသည်းထန်စွာအထိ ရွာသွန်းနေတယ်လို့ ဆိုပါတယ်။

 

မြစ်ကြီးနားမြို့နားမှာတော့ ဒီနေ့ကစပြီး ဇွန်လ ၃ ရက်အထိ နေ့ညမခွဲ မိုးဆက်တိုက် ရွာသွန်းနိုင်ပြီး ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာနဲ့ ဟင်္သာတမြို့တို့မှာ လက်ရှိရေအမှတ်ထက် ၁၁ ပေကနေ ၁၅ ပေခန့် ထပ်မံမြင့်တက်လာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက မေလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။