စစ်ကောင်စီတပ်စွဲထားတဲ့ ကော့ကရိတ်မြို့မှာ ကုန်စျေးနှုန်းတွေ မြင့်တက်နေပြီး ပြည်သူတွေ မြို့ပြင်ထွက်ဖို့ အခက်တွေ့

စစ်ကောင်စီတပ်စွဲထားတဲ့ ကရင်ပြည်၊ ကော့ကရိတ်မြို့တွင်းမှာ ကုန်စျေးနှုန်းတွေ မြင့်တက်နေပြီး ပြည်သူတွေ မြို့ပြင်ထွက်သွားလာခွင့်ကို ပိတ်ပင်ထားတာကြောင့် အခက်တွေ့နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျုံဒိုး–ကော့ကရိတ်လမ်းပိုင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား ဧပြီလ ၁၄ ရက်နေ့ ညပိုင်းကစပြီး ယခုအချိန်ထိ တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြန်အလှန် ပိတ်ဆို့မှုတွေ လုပ်ခဲ့ပြီး၊ အဲဒီပိတ်ဆို့မှုတွေကြောင့် ကုန်ဈေးနှုန်း မြင့်တက်နေရတာလို့ မြို့ခံတွေဆီက သိရပါတယ်။
“စားကုန်သောက်ကုန်က ပေးမဝင်ဘူး။ စားနပ်ရိက္ခာဖြတ်မယ် အဲလိုစတိုင်မျိုးပေါ့။ အဓိက ပြတ်လပ်နေတာတော့ ဓာတ်ဆီနဲ့ စားဆီပါပဲ။ အသီးရွက်နဲ့ သားငါးက ရေလယ်ကုန်းနဲ့ ရေကျော်ဘက်ကလာတယ်” လို့ ကော့ကရိတ်မြို့ခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ကော့ကရိတ်မြို့က စစ်ကောင်စီတပ်စခန်းတွေကို ရိက္ခာဖြတ်ဖို့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ပိတ်ဆို့ထားတဲ့ လမ်းပိုင်းအချို့မှာ ရွာခံအသိရှိရင် စားကုန် သောက်ကုန်တွေကို ပေးဝင်တယ်လို့လည်း သူက ဆက်ရှင်းပြပါတယ်။
လက်ရှိမှာ ကော့ကရိတ်မြို့ထဲမှာ ဓာတ်ဆီ ၁ လီတာကို ၂၀,၀၀၀ ဝန်းကျင်၊ စားဆီ ၁ လီတာကို ၁၉,၀၀၀ ဝန်းကျင်၊ ကြက်သွန်နီ ၁ ထုပ်ကို ၆,၀၀၀ ဝန်းကျင်၊ ကြက်ဥ ၁ လုံးကို ၁,၃၀၀ ဝန်းကျင်အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။
အသီး၊ အရွက်၊ အသား၊ ငါးနဲ့ ဆန်ကိုတော့ ရေလယ်ကုန်းနဲ့ ရေကျော် ကျေးရွာဘက်က ရရှိပြီး ဈေးကြီးပေမယ့် ဝယ်စားရ အဆင်ပြေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“ခုက စားဆီနဲ့ ဓာတ်ဆီပဲ ပြတ်လပ်နေတယ်။ ကြာရင် မလွယ်ဘူး။ ကြက်ဥက ၁,၃၀၀ လို့ ပြောတယ်။ ဒါတောင် ဝယ်မရဘူး” လို့ မြို့ခံအမျိုးသားက ဆက်ပြောပါတယ်။
ယခုလို ကုန်ဈေးနှုန်း မြင့်တက်မှုနဲ့ပတ်သက်ပြီး မြို့ခံအမျိုးသမီးတစ်ဦးကတော့ “လမ်းတွေကို အမြန်ဆုံး ပြန်ဖွင့်စေချင်ပြီ” လို့ သူမရဲ့ ဆန္ဒကို ပြောပါတယ်။
“လမ်းဖွင့်စေချင်တာပေါ့။ လမ်းဖွင့်ရင် အစစအရာရာ အဆင်ပြေတယ်လေ။ စားရေး သောက်ရေး ကျန်းမာရေး အကုန်… အဓိကကတော့ အမြန်ဆုံး အေးချမ်းစေချင်ပါပြီ” လို့ သူမက ဆိုပါတယ်။
ကော့ကရိတ်–ကျုံဒိုး တိုက်ပွဲ စဖြစ်ချိန်ကနေ ယခုချိန်ထိ စစ်ကောင်စီဟာ မြို့ခံတွေကို မြို့ပြင်ထွက်ခွင့် မပေးသေးဘူးလို့ သိရပါတယ်။
ဒါပေမယ့် မြို့ခံတွေအနေနဲ့ နီးစပ်ရာ လမ်းကြောင်းတွေအတိုင်း အချိတ်အဆက် ကောင်းရင် ထွက်လို့ရနေပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။
“ထွက်လို့ရပါတယ်။ ဆိုင်ကယ်နဲ့ ထွက်လို့ရတယ်။ ကားတွေကြတော့လည်း သူ့ရဲ့ အသိမိတ်တွေနဲ့ အချိတ်ချိတ်တွေနဲ့ပေါ့နော်။ အဲ့လိုဆိုရင်တော့ ထွက်လို့ရတယ်” လို့ မြို့ခံအမျိုးသားက ပြောပါတယ်။
မြို့ပြင်ထွက်မယ်ဆိုရင် နေအိမ်က ပစ္စည်းတွေအတွက် သူခိုးရန် ကြောက်ရသလို၊ ထွက်လာရင်လည်း အိမ်ငှားခ၊ စားသောက် စရိတ်တွေကြောင့် အခက်အခဲ ဖြစ်နိုင်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ဒါကြောင့် ပိုက်ဆံအဆင်မပြေသူတွေဟာ မြို့ထဲမှာပဲ နေထိုင်နေရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကော့ကရိတ်ဘေး ပတ်ဝန်းကျင် ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်ရှိနေဆဲဖြစ်ပြီး၊ မြို့ပေါ်မှာတော့ စစ်ရေးအခြေအနေ ငြိမ်းသက်နေဆဲ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ရဲ့ မေလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ ကော့ကရိတ်–ကျုံဒိုး တိုက်ကွဲအတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၁၄ ဦး သေဆုံးခဲ့ရပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်