မြင်းခြံက စစ်ကောင်စီနေရာ ၄ ခုကို တစ်ပြိုင်တည်း တိုက်ခိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

မန္တလေးတိုင်း မြင်းခြံမြို့ပေါ်က နေရာ ၄ ခုကိုပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ မနက်မှာ တော်လှန်ရေးအင်အားစုတွေက တစ်ပြိုင်တည်း ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပါအဝင် လက်အောက်ခံတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ ရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြင်းခြံမြို့မှာရှိတဲ့ မြင်းခြံမြို့ ခရိုင်ရုံး၊ ရဲသင်တန်းကျောင်း၊ အမှတ် ၁၈ ရပ်ကွက်မှာရှိတဲ့ ဇီးခြံကာကင်းဂိတ်စခန်းနှင့် စကားဝါကာကင်းဂိတ်စခန်းတို့ကို တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
“ တိုက်ခိုက်ချိန်မှာ အပြန်အလှန်ပစ်ခတ်တာတွေ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်မှုမရှိပါဘူး။ အောင်အောင်မြင်မြင်ကို ဆုတ်ခွာနိုင်ခဲ့ပါတယ်ခင်ဗျ “ လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက CJ Platform ကိုပြောပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ၉/အညာမြေစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ခရိုင်ရုံးက စစ်ကောင်စီရဲတပ်သားတစ်ဦး၊ အမှတ် ၁၈ ရပ်ကွက်မှာရှိတဲ့ ဇီးခြံကာကင်းဂိတ်စခန်းက အမျိုးသမီးပြည်သူ့စစ် (ပျူစောထီး) နှစ်ဦးအပါအဝင် ငါးဦးနဲ့ စကားဝါဂိတ်စခန်းက ပြည်သူ့စစ် (ပျူစောထီး) နှစ်ဦး စုစုပေါင်း ၈ ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့နဲ့အတူ Burmese Guerrilla force (BGF)နဲ့ ဗိုလ်စားပြောက်ကျား တပ်ဖွဲ့တို့မှ ပူးပေါင်းပါဝင် အားဖြည့်ခဲ့တယ်လို့ MBT က ထုတ်ပြန်ထားပါတယ်။
Myingyan Black Tiger (MBT)တပ်ဖွဲ့အနေနဲ့ မြို့တွင်းစစ်ဆင်ရေးတွေကို အဓိကထား ဆောင်ရွက်နေဆဲဖြစ်ပြီး မြို့တွင်းစစ်ဆင်ရေးကနေ မြို့သိမ်းစစ်ဆင်ရေးတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ Myingyan Black Tiger(MBT) မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်း ကနေ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Myingyan Black Tiger