ရန်ကုန်-ပုသိမ်လမ်း လမ်းနေရာတော်တော်များများ ပျက်စီးနေလို့ ကားသမားတွေ အခက်တွေ့နေ

Author CJ Platform
Categories
Published on May 28, 2025

ရန်ကုန်-ပုသိမ်လမ်းက လမ်းနေရာ တော်တော်များများ အခုမိုးဦးကာလအတွင်း လမ်းပိုင်းပျက်စီးမှုတွေ များပြားလာခဲ့ပြီး ခရီးသွားကားတွေ ကုန်တင်ကားတွေ တစ်စီးချင်းစီသွားနေရတာကြောင့် အချိန်နှောင့်နှေးမှုတွေ ဖြစ်နေရတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။

 

ပုသိမ်မြို့အထွက် ကိုးဆူဂိတ်အကျော်က စတင်ကာ ဗိုလ်မြတ်ထွန်းတံတားအနီးအထိ လမ်းပိုင်းတော်တော်များများ ပျက်စီးနေတာတွေရှိနေသလို ပြုပြင်နေတဲ့ နေရာတချို့လည်းရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“ ပုသိမ်အထွက် ကိုးဆူအထိပဲ လမ်းကောင်းတာ ကျန်တာ အပေါက်အပြဲကြီးပဲ ဗိုလ်မြတ်ထွန်းတံတား ရောက်တဲ့အထိ၊ အိမ်စီးကားအသေးလေးတွေ အထိနာတာ၊ ဒီလိုပဲ တလှိမ့်ချင်းသွားရတာပဲ မပိတ်သင့်ပဲ လမ်းတွေပိတ်၊ အချိန်တွေ ကြာတာပေါ့။ ဒီကြားထဲ စည်းကမ်းမရှိတဲ့  ယဥ်မောင်းတွေက လုကျော်ရင် ပိုဆိုး” လို့ ရန်ကုန်-ပုသိမ်လမ်း ကားမောင်းနေသူ တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

နှစ်စဉ်ပျက်စီးလေ့ရှိတဲ့ ရန်ကုန်-ပုသိမ်လမ်းမှာ စစ်ကောင်စီက လမ်းပေါက်ဖာတဲ့လုပ်ငန်းမျိုးတွေသာ ပြုလုပ်လေ့ရှိပြီး အကြီးစားပြင်ဆင်မှုအနေနဲ့ ဒါးကမြို့အနီးက နှစ်စဉ်ရေကျော်လေ့ရှိတဲ့ နေရာမှာ ၂ မိုင်ဝန်းကျင်ခန့် ကွန်ကရိလမ်းခင်း ထားတာမျိုး ရှိတယ်လို့ သိရပါတယ်။

 

ပန်းတနော်မြို့ဝန်းကျင်မှာရှိတဲ့ ရန်ကုန်-ပုသိမ်လမ်းပိုင်းကတော့ ပျက်စီးမှုတွေ များနေပြီး တချို့နေရာတွေမှာ လမ်းတစ်ဝက်ကျော် နိမ့်ကျနေတဲ့အထိ အခြေအနေဆိုးနေတာကြောင့် ‌သွားလာနေကျမဟုတ်ပါက အန္တရာယ်ရှိနိုင်တယ်လို့ ကုန်တင်ကားမောင်းနှင်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

 

“ပုသိမ်ဝင်ခါနီးလမ်းဘဲကောင်းတာ၊ ကျန်တာဖြေးဖြေးပဲ မောင်းရတာ၊ ပန်းတနော်အကျော်ကနေ ဒါးက အထိက တော်တော်ဆိုးတာ။ အဲဒါကြောင့်အိမ်မဲဘက်ကလှည့်လာတာ၊ ပိုတောင်ဆိုးသေးတယ် “ လို့ ယမန်နေ့က ပုသိမ်မြို့ကို ကိုယ်ပိုင်ကားနဲ့ သွားရောက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အိမ်မဲ ပန်းတနော်လမ်းပိုင်းဟာလည်း ယမန်နှစ်ကတည်းက ပျက်စီးနေခဲ့တာဖြစ်ပြီး စစ်ကောင်စီက လမ်းပိုင်းတချို့ ပြန်ပြုပြင်ပေမဲ့ လမ်းပြန်ကောင်းလာမရှိဘဲ ပိုမိုဆိုးရွာစွာပျက်စီးနေတယ်လို့ သိရပါတယ်။

 

အိမ်မဲမြို့ကနေ ပန်းတနော်မြို့နယ် မရမ်းလမ်းဆုံအထိ ၁၆ မိုင်ကျော် အရှည်ရှိတဲ့ အဲဒီလမ်းမှာ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေ သတိထားမောင်းနှင်နေရတဲ့အပြင် အိမ်စီးကားတွေအတွက်လည်း ယာဉ်အန္တရာယ် ရှိနိုင်တဲ့ အခြေအနေလည်း ဖြစ်တယ်လို့ သိရပါတယ်။

 

“လမ်းတွေက ပျက်တာကြာပြီ အဆိုးဆုံးက မြောင်းမြ-ရန်ကုန်လမ်း။ အိမ်မဲ အထွက် ရေနက်ကွင်း ဆိုတာရှိတယ်။ ပြင်လည်းမပြင်ဘူး၊ အဲဒီနေရာကလည်းဆိုးတယ် မိုးများရင် နှစ်တိုင်းဖြစ်နေကြ။ ဒါတောင် ပြန်ပြန် လုပ်ထားသေးတယ် မိုးမကျခင်က မြောင်းမြလမ်းကတော့ လုပ်ကို မလုပ်တာ” လို့ ရန်ကုန်-မြောင်းမြ မောင်းနှင်နေတဲ့ ယာဉ်မောင်းတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဧရာဝတီတိုင်းအတွင်းက အဝေးပြေးလမ်းအများစုဟာ အခုမိုးဦးရာသီအတွင်း အပျက်အစီးများနဲ့သာဖြစ်နေပြီး ဖျာပုံ-ကျိုက်လတ်-မအူပင် လမ်းသာကောင်းပြီး NLD အစိုးရလက်ထက်က ခင်းထားတဲ့ ဗိုလ်မြတ်ထွန်းတံတားကနေ ရန်ကုန်အထိ လမ်းပိုင်းကတော့ ရာသီဥတုမရွေးသွားလာနိုင်တယ်လို့ ဧရာဝတီတိုင်းအတွင်းက ယာဉ်မောင်းတွေက ပြောပါတယ်။

 

စစ်ကောင်စီက ရန်ကုန်-ပုသိမ်လမ်းကို ကောင်းမွန်အောင်ပြုပြင်ခြင်းမရှိပဲ ရန်ကုန်အထွက်နဲ့ ဧရာဝတီအဝင်မှာရှိတဲ့ ပန်တိုင်ဂိတ်နှစ်ဂိတ်မှာတော့ အိမ်စီးကားတွေကလွဲလို့ ကုန်တင်ကားတွေ အခြားမော်တော်ယာဉ်တွေကို အကြောင်းအမျိုးမျိုးပြကာ ငွေကြေးမတန်တဆ တောင်းနေသလို လမ်းတစ်လျောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တိုင်းကိုလည်း ငွေပေးဖြတ်သန်းနေရတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက ဧရာဝတီနဲ့ ရခိုင်နယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်လာချိန်မှာ ပုသိမ်-ချောင်းသာလမ်းကို ယခင်ထက် ပိုကျယ်တဲ့ နှစ်လမ်းသွားဖြစ်အောင် တိုးချဲ့နေတဲ့အပြင် မိုးဦးစကာလမှာလည်း ရပ်နားခြင်းမရှိပဲ ဆက်လက်လုပ်ဆောင် နေပါတယ်။

 

ဒေသခံတွေကတော့ ပုသိမ်-ချောင်းသာလမ်းကို နှစ်လမ်းသွားအဖြစ် ချဲ့ထွင်နေတာက စစ်ကောင်စီတပ်တွေ အရွှေ့အပြောင်းလုပ်ရာမှာ လွယ်ကူအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

 

ပုံစာ – ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က အိမ်မဲလမ်းတစ်နေရာကို တွေ့ရစဉ်