ကနီမှာ စစ်ကောင်စီက ပါရာမော်တာနဲ့ ဗုံးကြဲလို့ အမျိုးသမီးတစ်ဦး သေဆုံး

Author CJ Platform
Categories
Published on Apr 28, 2025

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ်မှာရှိတဲ့ နတ်လာပို့ တောင်ကျေးရွာကို မနေ့က ဧပြီ ၂၇ ရက်နေ့မှာ စစ်ကောင်စီက ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရရှိသူတွေရှိတယ်လို့ ဒေသခံ CJ Platform သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ တက်လာတဲ့ စက်တပ်လေထီး ပါရာမော်တာက  ည ၁၀ နာရီခွဲခန့်မှာ နတ်လာပို့ တောင်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုသမီးတစ်ဦး ဦးခေါင်းထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့အပြင် ကလေးငယ်တစ်ဦး နဲ့ အမျိုးသားတစ်ဦးပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

 

“ မနေ့ကညက လာပစ်တာ၊ ဘယ်နှစ်လုံးမှန်းတောင်မသိဘူး လာပစ်တာ။ နွားတစ်ကောင်လည်းသေတယ် “ လို့ ကနေဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားတစ်ဦးနဲ့ ကလေးငယ်တို့မှာ ကျောဘက်မှာ ဗုံးစ ထိမှန်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

 

စစ်ကောင်စီက ကနီမြို့နယ်အတွင်းရှိ ကျေးရွာတွေကို လေကြောင်းအပြင် စက်တပ်လေထီး ပါရာမော်တာနဲ့ မကြာခဏဗုံးကြဲတိုက်ခိုက်နေပြီး ဧပြီလ ၂၂ ရက် ၂၃ ရက်နေ့တွေမှာလည်း သမင်ခြံကျေးရွာ အနောက်ဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ကနီမြို့ကိုပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှာ KIA/PDF တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေရဲ့ စစ်ကူဖြည့် ပြန်လည်ထိုးစစ်ဆင်မှုတွေကြောင့် ၅ ရက်အကြာ မတ်လ ၁၂ ရက်နေ့မှာ ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။

 

အဲဒီတိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ထိခိုက်ကျဆုံးမှုတွေရှိခဲ့သလို စစ်ကောင်စီတပ်သား တွေလည်း ထိခိုက်သေဆုံးမှု များပြားခဲ့ပါတယ်။

 

ဓာတ်ပုံ – ပေးပို့