စာမေးပွဲ ပြန်လည်ဖြေဆိုရမဲ့ ကျောင်းသူ၊ကျောင်းသားတွေကို Camp သွင်းသင်ကြားတာနဲ့ Online ကနေ သင်ကြားတာတွေ လုပ်ဆောင်ပေးမယ်လို့ စစ်ကောင်စီဆို

Author CJ Platform
Categories
Published on Apr 28, 2025

ငလျင်ကြောင့် အဖြေလွှာတွေ မီးလောင်ပျက်စီးခဲ့ရပြီးနောက် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမဲ့ ကျောင်းသူ၊ကျောင်းသားတွေကို Camp သွင်း သင်ကြားပေးတာနဲ့ Online ကနေ သင်ကြားပေးမှုတွေ လုပ်ဆောင်ပြီး လိုအပ်တဲ့ စာရေးကရိယာတွေကိုပါ ထောက်ပံ့ပေးမယ်လို့ ဒီကနေ့ ဧပြီ ၁၈ရက်နေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

 

“တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြခြင်းဖြင့် မိမိကိုယ်တိုင်ရဲ့ ဂုဏ်သိက္ခာနဲ့ တခြားသူတွေရဲ့ တရားမျှတမှုတွေပါ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်”လို့ ခေါင်းစဉ်တပ်ထားတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတစ်ခုဖြစ်တဲ့ မြန်မာ့သတင်းစာမှာ ဖော်ပြထားတဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မတ်လကဖြေဆိုခဲ့တဲ့ ကျောင်းသူ၊ကျောင်းသားတွေရဲ့ အောင်စာရင်းနဲ့ ပြန်လည်ဖြေဆိုရမယ့် ကျောင်းသူ၊ကျောင်းသားတွေရဲ့ အောင်စာရင်းကို တစ်ချိန်တည်း ကြေညာဖို့ ပြင်ဆင်ထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က ပြောကြားထားပါတယ်။

 

Camp သွင်းသင်ကြားရာမှာ ကျောင်းသူ၊ကျောင်းသားတွေရဲ့ စားဝတ်နေရေးနဲ့ နေထိုင်ရေးကိုပါ တာဝန်ယူသွားပေးမယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။

 

“ကိုယ့်အိမ်ကိုယ့်ယာ ပြိုလဲသွားတဲ့ ကလေးတွေဟာ ဘယ်လိုခွန်အားနဲ့ ဖြေကြမှာလဲ၊ အခြားဒေသ အဝေးကြီးကနေ လာဖြေကြရတဲ့ ကလေးတွေကရော ဘယ်လိုလုပ် ပြန်လာကြမှာလဲ ၊ ဦးနှောက်မရှိတဲ့ ကောင်တွေ”လို့ စစ်ကိုင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရမဲ့ ကျောင်းသူ၊ကျောင်းသား ၆၃၀၀၀ ခန့်ရှိပြီး ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ရတဲ့ စာသင်ကျောင်းပေါင်း  ၇၀၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

 

ပုံစာ – စစ်ကိုင်းမြို့မှာ ငလျင်ကြောင့် ပြိုကျပျက်စီးသွားရတဲ့ နေရာတစ်ခုကို မြင်ရပုံ

Related News

Depend on news