ငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိသူတွေများပြားနေပြီး သွေးအလှူရှင်တွေ လိုအပ်နေတယ်လို့ ဇော်မင်းထွန်းပြော

အင်အား ၇ ဒသမ ၇ အဆင့်နဲ့ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်နဲ့ နောက်ဆက်တွဲ မြေငလျင်ငယ်တွေကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေများပြားခဲ့ပြီး သွေးလိုအပ်ချက် များပြားနေတယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီမီဒီယာကနေ ဒီကနေ ညနေပိုင်းမှာ ထုတ်ပြောလာပါတယ်။
စစ်ကိုင်း၊ မန္တလေး နဲ့ နေပြည်တော်က ဒဏ်ရာရသူတွေဟာ ဆေးရုံတွေမှာ အများအပြားဖြစ်နေပြီး သွေးလိုအပ်ချက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
“ အဓိကထုတ်ပြန်ချင်တာက မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း မှာရှိတဲ့ ဆေးရုံတွေမှာ ဒဏ်ရာရလူနာတွေ ငလျင်ဒဏ်ကြောင့် ဒဏ်ရာရလူနာတွေ များပြားနေပါတယ်။ အဲဒီမှာ သွေးလိုအပ်ချက်လည်း များပြားပါတယ်။ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း မှာရှိတဲ့ သွေးအလှူရှင်များ ဆေးရုံများနဲ့ အမြန်ဆုံးဆက်သွယ်ပြီး ကုသိုလ်ပြုပေးကြပါလို့ မေတ္တာရပ်ခံပါတယ်” လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ကောလဟာလတွေကို မယုံကြည်ကြဖို့နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရဲ့ သတင်းထုတ်ပြန်ချက်တွေကိုသာ လိုက်နာဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် နောက်ဆက်တွဲ ငလျင်တွေလှုပ်နိုင်တာကြောင့် ဘေးကင်းရာနေထိုင်ကြဖို့ အရေးကြီးတယ်လို့ ပြောဆိုထားပြီး ဘယ်လိုနေထိုင်ရမယ်ဆိုတာကိုတော့ ပြောဆိုထားတော့ မပါရှိပါဘူး။
စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာ နေပြည်တော်ရှိ ထိခိုက်ပျက်စီးသွားတဲ့ နေရာတွေနဲ့ ဆေးရုံတွေကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ သူတို့ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
နေပြည်တော်မှာတော့ လွှတ်တော်အဆောက်အအုံ၊ စစ်ရုံးချုပ် နဲ့ လေကြောင်းထိန်းသိမ်းရေး တာဝါတိုင် အပါအဝင် အစိုးရအဆောက်အအုံများပြိုကျပျက်စီးခဲ့ပြီး Non CDM ဝန်ထမ်းတစ်ချို့ သေဆုံးခဲ့တယ်လို့ သိရပြီး CJ Platform အနေနဲ့ အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
ဓာတ်ပုံ – pro-SAC