မော်တင်စွန်းဘုရားပွဲ စတင်ဖွင့်လှစ်ပြီဖြစ်သော်လည်း လာရောက်လည်ပတ်သူ မရှိသလောက်ဖြစ်နေ

Author CJ Platform
Categories
Published on Feb 28, 2025

ဧရာဝတီတိုင်း ပုသိမ်ခရိုင် ငပုတောမြို့နယ် မော်တင်စွန်းအငူမှာရှိတဲ့ မဟာမကုဋရံသီ (မော်တင်စွန်းဘုရား) ဘုရားပွဲတော်ကို ဖေဖေါ်ဝါရီ ၂၇ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပေမဲ့ ဘုရားဖူးလာရောက်သူ မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မော်တင်စွန်းဘုရားပွဲကို တပေါင်းလဆန်း(၁)ရက်နေ့ကနေ တပေါင်းလပြည့်အနေ့အထိ ကျင်းပပြုလုပ်သွားမယ်လို့ စစ်ကောင်စီက ကြေညာထားပေမဲ့ ဖွင့်ပွဲနေ့ မနက်ပိုင်းသာ ဖွင့်ပွဲလာရောက်သူ အနည်းငယ်ရှိခဲ့ပြီး ဘုရားဖူးဧည့်သည်တွေ နည်းပါးနေတယ်လို့ သိရပါတယ်။

 

“မန်းငြိမ်းမောင်လာပြီးတော့ ဖွင့်ပွဲလုပ်သွားတာ၊ သူတို့နဲ့ လိုက်လာသူတချို့နဲ့ ဘုရားဖူးနည်းနည်းပဲ မနက်ပိုင်းမှာ တွေ့လိုက်တယ်၊ ဒီနေ့ မနက်ပိုင်းထိ ဘယ်ဘုရားဖူးမှ မလာဘူး”လို့ မော်တင်စွန်း ဒေသခံတစ်ဦးကပြောပါတယ်။

 

ဘုရားဖူးရေယာဉ်တွေ ဆိုက်ကပ်ရပ်နားလေ့ရှိတဲ့ ခမောက်မှော်မှာလည်း စျေးဆိုင်တန်းတွေ အနည်းငယ်သာရှိပြီး၊ မော်တင်စွန်းဘုရားရင်ပြင်အနီးမှာတော့ စျေးဆိုင်တန်း အနည်းငယ်ရှိတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မြွေတောင်ကမ်းခြေမှာလည်း စျေးဆိုင်တန်းတွေသာ ဆောက်လုပ်ထားပေမဲ့ ဆိုင်ခန်းအပြည့် ရောင်းချဖို့ ပြင်ဆင်ထားတာ မရှိဘဲ ဘုရာဖူးဧည်သည့်၊ အပန်းဖြေလာရောက်သူတွေ အလွန်ကို နည်းပါးနေတာလို့ သိရပါတယ်။

 

“ဆိုင်တွေအများစုက ဒေသခံတွေပဲဖွင့်ထားတာ၊ ဟိုးအရင်နှစ်တွေလို အဝေးကလာကြတာမရှိဘူး၊ တိုက်ပွဲတွေကလည်းဖြစ်နေ၊ စစ်ဆေးရေးကလည်း ကြမ်းနေတော့ လာဖို့ကို ကြောက်ကြတယ်”လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

 

အာရက္ခတပ်တော် AAဟာ ဧရာဝတီတိုင်းအတွင်းထိ ထိုးစစ်ဝင်ရောက်လာနေတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့ပြီး၊ စစ်ကောင်စီကလည်း စစ်မှုထမ်းလိုအပ်ချက်အရ လူငယ်တွေကို အဓမ္မဖမ်းဆီးနေတာကြောင့် အခုလို အသွားလာ နည်းပါးနေရတာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်