လှိုင်းထန်နေတဲ့ တောင်ကိုရီးယားရဲ့ ခေါင်းဆောင်မှု အကျပ်အတည်းနဲ့ စီးပွားရေး

Author CJ Platform
Categories
Published on Dec 28, 2024

မအောင်မြင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတဖြစ်သူရော သူ့နေရာကို ဆက်ခံတဲ့ ယာယီသမ္မတို့ပါ ရာထူးက ဖြုတ်ချခံလိုက်ရတာကြောင့် နိုင်ငံရေးမတည်ငြိမ်မှုဟာ ပိုမိုနက်ရှိုင်းလာပြီး နိုင်ငံရဲ့ စီးပွားရေးဟာလည်း ယိမ်းယိုင်တဲ့ အခြေအနေကို ဆိုက်ရောက်နေပါတယ်။

 

ဒီဇင်ဘာလအစောပိုင်းမှာ သမ္မတယွန်ဆွတ်ယိုလ်ရဲ့ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှု နောက်ပိုင်းကစလို့ တရိပ်ရိပ် ကျဆင်းလာတဲ့ ဝမ် (ကိုရီးယားနိုင်ငံသုံး ငွေကြေး) ဈေးဟာ ယမန်နေ့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ၂၀၀၉ ခုနှစ်နောက်ပိုင်း ဒေါ်လာဈေးနဲ့နှိုင်းယှဉ်ရင် အနိမ့်ဆုံးအထိ ရောက်ရှိသွားပါတယ်။

 

အာရှတိုက်ရဲ့ စတုတ္ထအကြီးမားဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ကိုရီးယားနိုင်ငံအတွက် ကိုဗစ်-၁၉ ဖြစ်ပွားချိန်ကစပြီး အခုလက်ရှိအချိန်အထိ အကြီးမားဆုံး ထိခိုက်မှုဖြစ်တယ်လို့လည်း ကိုရီးယားဗဟိုဘဏ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ သိရပါတယ်။

 

စစ်အုပ်ချပ်ရေးကြေညာခဲ့တဲ့ ယွန်ကို လွှတ်တော်အမတ်တွေက ဒီဇင်ဘာလလယ်မှာ စွပ်စွဲပြစ်တင်မှုအဆိုတင်ပြီး မဲခွဲကာ ရာထူးက ဆိုင်းငံ့ခဲ့ပါတယ်။

 

ဒါ့အပြင် သူ့နေရာ ဆက်ခံတဲ့ ဝန်ကြီးချုပ် ဟန်ဒက်ဆူးကိုလည်း သမ္မတကို ရာထူးကဖယ်ရှားဖို့ ကိစ္စနဲ့ တရားမျှတမှုရဖို့ ကိစ္စမှာ ပါဝင်ဖို့ ငြင်းဆိုခဲ့တာကြောင့် ယမန်နေ့ကပဲ စွပ်စွဲပြစ်တင်မှု အဆိုတင်မဲခွဲပြီး ရာထူးကနေ ထပ်မံဖယ်ရှားခဲ့ပါတယ်။

 

ဒါကြောင့် လက်ရှိမှာ ဘဏ္ဍာရေးဝန်ကြီး ချွိုင်ဆန်မော့ကို ဝန်ကြီးချုပ်ရာထူးနဲ့ ယာယီသမ္မတရာထူးတို့ကို တိုးမြှင့်ခန့်အပ်ထားပါတယ်။

 

ချွိုင်က လက်ရှိ မငြိမ်သက်ဖြစ်နေတဲ့ကာလကို အဆုံးသတ်နိုင်ဖို့နဲ့ နိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် သူတတ်နိုင်သမျှ အစွမ်းကုန်လုပ်ဆောင်သွားမယ်လို့ ကတိပြုထားပါတယ်။

 

ယွန်ကို လွှတ်တော်မှာ စွပ်စွဲပြစ်တင်မှု အဆိုမဲခွဲအောင်မြင်ပြီးတဲ့နောက်မှာ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခြင်း ရှိမရှိ ဆူံးဖြတ်ရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ အခြေအနေဟာလည်း ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမှာ ရှိနေပါတယ်။

 

တောင်ကိုရီးယားရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာ တရားသူကြီး ကိုးဦးရှိပြီး သမ္မတကို ရာထူးက ဖြုတ်ချဖို့ တရားသူကြီး သုံးပုံနှစ်ပုံက ထောက်ခံမဲပေးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ တရားသူကြီးသုံးဦး‌က လစ်လပ်နေတာကြောင့် လောလောဆယ် ရှိနေတဲ့ ခြောက်ဦးစလုံးက တညီတညွှတ်တည်း ထောက်ခံမှသာ ရာထူးက ဆိုင်းငံ့ထားတဲ့ သမ္မတကို ဖြုတ်ချနိုင်မယ့် အခြေအနေ ဖြစ်နေတာပါ။

 

တကယ်လို့ ထောက်ခံမဲ သုံးပုံနှစ်ပုံ မရရှိခဲ့ဘူးဆိုရင် ယွန်က  သမ္မတရာထူးကို အလိုအလျောက် ပြန်လည်ရရှိသွားမှာလည်း ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ လွှတ်တော်အမတ်တွေဟာ တရားသူကြီးသုံးဦးကို အမည်စာရင်း တင်သွင်းခဲ့ပေမဲ့ ယာယီသမ္မတ ဟန်က အတည်ပြုဖို့ ငြင်းဆန်ခဲ့တာကြောင့် ဟန်ကို ယမန်နေ့က စွပ်စွဲပြစ်တင်မှုအဆိုတင်သွင်းပြီး မဲခွဲခဲ့တာလည်း ဖြစ်ပါတယ်။

 

ယမန်နေ့က လွှတ်တော်မှာ ယွန်ရဲ့ ပါတီကလွှတ်တော်အမတ်တွေက ဆန္ဒပြတဲ့အထိ အခြေအနေတွေ ဆိုးဆိုးရွားရွားဖြစ်ခဲ့တာကြောင့် လက်ရှိမှာ ယာယီသမ္မအသစ်ဟာ တည်ငြိမ်မှုရရှိအောင် ကြိုးပမ်းလုပ်ဆောင်နေရပါတယ်။

 

“ကျွန်တော်တို့တွေဟာ မျှော်လင့်မထားတဲ့ စိန်ခေါ်မှုတွေကို ထပ်မံရင်ဆိုင်နေရပေမဲ့ ကျွန်တော်တို့ရဲ့ ခိုင်မာအားကောင်းတဲ့ စီးပွားရေးစနစ်ဟာ အလျင်အမြန်ပဲ တည်ငြိမ်မှုသွားမယ်လို့ ယုံကြည်ထားပါတယ်”လို့ ချွိုင်ကမန်နေ့က ပြောပါတယ်။

 

အသက် ၆၁ နှစ်အရွယ်ချွိုင်ဟာ လာမယ့်နှစ် ၂၀၂၅ ခုနှစ် ဘတ်ဂျက်အတွက် အတိုက်အခံပါတီတစ်ခုတည်းက အတည်ပြုထားတဲ့ ဘတ်ဂျက်လျာထားချက်အပေါ်မှာပဲ  ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပြီး အဲဒီလျာထားချက် အစီအစဉ်ဟာ အစိုးရက မျှော်လင့်ထားတာထက် ဝမ် ၄ ဒသမ ၁ ဘီလီယံ ပိုပြီး လျော့နည်းပါတယ်။

 

 

“(နိုင်ငံရေး) အကျပ်အတည်းက စီးပွားရေးအပေါ် သက်ရောက်မှု ရှိလာပြီဆိုတဲ့ လက္ခဏာတွေ မြင်နေရပါပြီ” လို့ Capital Economica က ဂရက်လယ်သာက စားသုံးသူတွေနဲ့ စီးပွားရေးအပေါ် ယုံကြည်မှုကျဆင်းမှုကို ကိုးကားပြီး  ဖောက်သည်တွေကိုပေးတဲ့ မှတ်ချက်မှာ ရေးသားခဲ့ပါတယ်။

 

ဒါပေမဲ့ နိုင်ငံရေးအကျပ်အတည်းတွေဟာ စီးပွားရေးအပေါ် သက်ရောက်မှုတွေ ဆိုးကျိုးတွေရှိနေပေမဲ့ တောင်ကိုရီးယားရဲ့ စီးပွားရေး ခိုင်မာမှု၊ ဗဟိုဘဏ်ကနေ လုပ်ဆောင်နေတဲ့ အပြုသဘောဆောင်တဲ့ အစီအမံတွေဟာ လက်ရှိကြုံတွေ့နေရတဲ့ ဆိုးကျိုးတွေကို ကန့်သတ်ဖို့ အထောက်အကူဖြစ်စေလိမ့်မယ်လို့ စီးပွားရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

 

ဓာတ်ပုံ – AFP

ပုံစာ – ယမန်နေ့က ယာယီသမ္မတ ဟန်ဒက်ဆူးကို စွပ်စွဲပြစ်တင်ခြင်းအဆို မဲခွဲခိုက်မှာ ဆန္ဒပြနေကြတဲ့ ပြည်သူ့အာဏပါတီ အမတ်များ

 

ကိုးကား – AFP