သမ္မတသစ် ထရမ့်ကြောင့် အမေရိကန်နဲ့ မက္ကဆီကိုတို့ ကုန်သွယ်ခွန်စစ်ပွဲ ဆင်နွှဲရဖွယ်ရှိ
အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံ သမ္မတသစ် ဒေါ်နယ်ထရမ့်ဟာ သူအဆိုပြုထားတဲ့အတိုင်း အကောက်ခွန်ကို ၂၅ ရာခိုင်နှုန်းတိုးမြှင့်ခဲ့မယ်ဆိုရင် အလားတူ တုံ့ပြန်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်းဘောင်း (Claudia Sheinbaum) က ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ သတိပေးပြောဆိုခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒါ့အပြင် အကောက်ခွန်တိုးမြှင့်မှုကြောင့် အမေရိကန်ရဲ့ အလုပ်အကိုင် လေးသိန်းဝန်းကျင် ဆုံးရှုံးနိုင်ပြီး အမေရိကန်က စားသုံးသူတွေအတွက် ကုန်ပစ္စည်းဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာနိုင်တယ်လို့လည်း သူ (မ) က သတင်းစာရှင်းလင်းပွဲမှာ ထပ်ပြီးသတိပေးပြောဆိုခဲ့ပါတယ်။
သမ္မတနဲ့အတူ သတင်းစာရှင်းလင်းပွဲတက်လာတဲ့ မက္ကဆီကို စီးပွားရေးဝန်ကြီး မာဆယ်လိုအဲဘရတ် (Marcelo Ebrard) ကလည်း အပြန်အလှန်တိုးကောက်မယ့် ကုန်သွယ်ခွန် စစ်ပွဲဆင်နွှဲတာထက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ ပေါင်းစည်းမှုကို ပိုလုပ်ဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
အကောက်ခွန်တိုးမြှင့်တာတွေ လုပ်ဆောင်ခြင်းဟာ အမေရိကန်ရဲ့ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုတွေ ဖြစ်စေသလို မက္ကဆီမှာ ထုတ်လုပ်နေတဲ့ အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ အခွန်နှစ်ဆ တိုးဆောင်ရနိုင်တာကြောင့် ထိခိုက်မှုတွေ ရှိလာနိုင်သလို ထုတ်လုပ်မှုတွေလည်း ကျဆင်းနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
“(မက္ကဆီကိုမှာရှိတဲ့ အမေရိကန်ကုမ္ပဏီ) ကုမ္ပဏီတွေအပေါ်မှာ သက်ရောက်နိုင်မှုက အတော်ကြီးပါတယ်”လို့လည်း သူက မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။
အထူးသဖြင့် မော်တော်ယာဉ်ထုတ်လုပ်တဲ့ ကဏ္ဍကို ကြီးကြီးမားမား သက်ရောက်နိုင်ပြီး Ford၊ General Motors၊ Stellantis တို့လို ကုမ္ပဏီကြီးတွေရဲ့ ထုတ်လုပ်မှုကို ပိုပြီး ထိခိုက်စေနိုင်ပါတယ်။
အမေရိကန်မှာ ရောင်းချနေတဲ့ ပစ်ကပ်ကုန်တင်ကား ၈၈ ရာခိုင်နှုန်းဟာ မက္ကဆီမှာ ထုတ်လုပ်နေတာဖြစ်ပြီး ကားတစ်စီးကို အမေရိကန်ဒေါ်လာ ၃,၀၀၀ ဝန်းကျင် မြင့်တက်သွားနိုင်တယ်လို့ မစ္စတာအဲဘရတ်က ထပ်ပြီး ပြောပါတယ်။
အခုကိစ္စနဲ့ ပတ်သက်ပြီး ယမန်နေ့မှာ မစ္စရှိန်းဘောင်းနဲ့ မစ္စတာထရမ့်တို့ကြား ဖုန်းနဲ့ ပြောဆိုဆွေးနွေးမှုတွေလည်း ရှိခဲ့ပြီး ထရမ့်ကတော့ အဓိကအားဖြင့် ဖန်တနယ် (Fentanyl) အပါအဝင် မူးယစ်ဆေးဝါးတွေနဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ စီးဝင်မှုကို ထိန်းချုပ်နိုင်တဲ့အထိ အကောက်ခွန်တွေကို ဆက်တက်တိုးမြှင့်ထားရှိမှာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ မစ္စရှိန်းဘောင်းကတော့ သူတို့အနေနဲ့နယ်စပ်ကို ပိတ်ဆို့ခြင်းထက် အစိုးရနဲ့ ပြည်သူတွေအကြား ပေါင်းကူးတံတားထိုးဖို့ကိုသာ ဦးစားပေးသွားမယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။
ဘဏ္ဍာရေးကျွမ်းကျင်သူတွေကတော့ ဒီအကောက်ခွန်ပြဿနာဟာ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ကြား ချုပ်ဆိုထားတဲ့ USMCA ကုန်သွယ်ရေးသဘောတူညီချက်ကို ချိုးဖောက်နိုင်ပြီး ဒါဟာ ၂၀၂၆ ခုနှစ်မှာ ပြန်လည်သုံးသပ်မယ့် USMCA စာချုပ်အပေါ်ကိုလည်း သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။
ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ Grupo Financiero Banorte က ကာတီဘာဂိုရာ ကတော့ USMCA အဖွဲ့ဝင်သုံးနိုင်ငံအနေနဲ့ လက်ရှိစာချုပ်ကို ဆက်လက်ထိန်းသိမ်းလုပ်ဆောင်တာထက် အပြည့်အဝပြန်လည်ညှိနှိုင်းမှုတွေ လုပ်ဆောင်သင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အခုနှစ် ပထမ ကိုးလအတွင်းမှာ USMCA ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၈ ထရီလီယံ ရှိခဲ့တယ်လို့ မစ္စတာအဲဘတ်က ဆိုခဲ့ပြီး ဒေသတွင်း ပိုမိုအားကောင်းအောင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကိုသာ ဦးတည်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။
ဓာတ်ပုံ – Daniel Becerril/ Reuters
ပုံစာ – အမေရိကန်နိုင်ငံဘက်ကို ဝင်ရောက်မယ့် ကုန်တင်ကားတွေ မက္ကဆီကိုနယ်စပ်က အကောက်ခွန်ဂိတ်မှာ စောင့်ဆိုင်းနေတာကို နိုဝင်ဘာ ၂၆ ရက်နေ့က တွေ့မြင်ရစဉ်
ကိုးကား – Reuters