၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်နေ့မှာ စစ်ကောင်စီက လက်လွှတ်ခဲ့ရတဲ့ မြို့တွေကို ဗုံးလိုက်ကြဲ

Author လဂွန်းအိမ်
Categories
Published on Oct 28, 2024

စစ်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်တဲ့နေ့မှာ လက်လွှတ်လိုက်ရတဲ့ ရှမ်းမြောက်က မြို့တွေကို ဗုံးကြဲတာတွေ ပြုလုပ်ခဲ့တာကြောင့် အရပ်သားထိခိုက် သေဆုံးတာတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

အောက်တိုဘာလ ၂၇ ရက်နေ့ မနက် အစောပိုင်းမှာ MNDAA ထိန်းချုပ်ထားတဲ့ ကိုးကန့်အထူးဒေသ (၁) ရဲ့ မြို့ဖြစ်တဲ့ လောက်ကိုင်မြို့ကို စစ်ကောင်စီက ဗုံးကြဲခဲ့ပြီး ညပိုင်းမှာ သိန္နီမြို့ရဲ့ ရပ်ကွက်တွေထဲပါ ဗုံး ထပ်မံ ကြဲချတာတွေလုပ်ခဲ့လို့ ဟိုတယ်အပါအဝင် လူနေအဆောက်အအုံတွေ ပျက်စီးခဲ့ရပါတယ်။

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားရာ နမ့်ခမ်းမြို့ကိုလည်း စစ်ကောင်စီက အဲဒီနေ့ မနက် ၈ နာရီဝန်းကျင်မှာ ဗုံး သုံးကြိမ်လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် နောင်ချိုမြို့နယ် သပြေရွာကိုလည်း အဲဒီနေ့ည ၁၀ နာရီခန့်က ဗုံးကြဲခဲ့လို့ အမျိုးသားတစ်ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက တစ်ဆင့် သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃၂၀ ယောက် သေဆုံးထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရှိမှု ၄၀၁ ယောက်၊ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသူနဲ့ သေဆုံးသူ ၁၂၉ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

 

လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တဲ့ မတရားဖမ်းဆီးချုပ်နှောင်တာတွေ၊ ညှင်းပန်းနှိပ်စက်တာတွေ၊ မုဒိမ်းပြုကျင့်တာတွေနဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေကြောင့် ထိခိုက်သေဆုံးသူ ၁၆၁ ယောက် ရှိခဲ့ပြီး စုစုပေါင်း အမျိုးသမီးနဲ့ ကလေးငယ်အပါအဝင် (၁၀၁၁) ယောက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် HRAN က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လူနေအိမ်တွေ၊ ကျောင်းတွေ၊ သာသနာ့အဆောက်အအုံတွေ၊ ဈေးတွေနဲ့ ဆေးရုံဆေးခန်းတွေ ၁၉၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပြီး ဒီစာရင်းဟာ ကောက်ယူရရှိထားတဲ့ စာရင်းသာဖြစ်ပြီး မြေပြင်မှာ ဒီထက် ပိုများနိုင်တယ်လို့ HRAN က အသိပေးထားပါတယ်။

 

၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ စစ်ကောင်စီအနေနဲ့ လက်လွှတ်ခဲ့ရတဲ့ လောက်ကိုင်၊ သိန္နီ၊ နမ့်ခမ်း၊ ကွတ်ခိုင်နဲ့ နောင်ချိုမြို့တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – The Kokang

ပုံစာ –  လောက်ကိုင်မြို့ကို ဗုံးကြဲတိုက်ခိုက်ခံရစဉ်