အလှူငွေခြောက်ထောင်ယူတယ်ဆိုပြီး ဖမ်းဆီးရိုက်နှက်ခံရတဲ့ ဝက်လက်က ပကဖအဖွဲ့၀င် သေဆုံး

Author မင်းထက်
Categories
Published on Oct 28, 2024

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်မှာ အလှူငွေခြောက်ထောင်ယူတယ်ဆိုပြီး ဖမ်းဆီးရိုက်နှက်ခံရတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၁ နယ်မြေပိုင် ၀က်လက်မြို့နယ်၊ သမရိုးရွာမှာ တပ်ရင်း ၁ အဖွဲ့၀င်တွေနဲ့ ကျေးရွာပကဖ၀င်တွေဟာ ပြည်သူတွေဆီက အလှူခံခဲ့တယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

 

အလှူခံနေချိန် သမရိုးရွာနေ ကိုပေါက်ကျော်ဟာ ကျေးရွာပကဖခေါင်းဆောင် ကိုင်ဆောင်ထားတဲ့ အလှူခံဖလားအတွင်းက ၆၀၀၀ ကျပ်ကို စနောက်ယူသွားခဲ့တာကြောင့် ဖမ်းဆီးရိုက်နှက်ခံခဲ့ရတာ ဖြစ်တယ်လို့ ဒီအကြောင်းသိရှိထားသူ CJ Platform ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

“သူက မူးပြီးတော့ ရွာကပကဖ အချင်းချင်းပြောင်တာလေ။ အလှူခံဖလားထဲက ငွေခြောက်ထောင် စနောက်ယူသွားတာကို အပြစ်လုပ်တာ။ အဲဒီနေ့ညနေလောက်(အောက်တိုဘာ ၁၅)ကဖမ်းပြီး စစ်ဆေးစရာရှိလို့ဆိုပြီး သမရိုးမှာ စစ်ဆေးတယ်ဆိုပြီး ခေါ်သွားတာ။ ရွာက ကျောင်းထဲ စစ်ဆေးကြတယ်။ နားပြီး အရက်သောက်ကြတယ်။ ညပိုင်း (တပ်)ရင်းခေါ်ပြီး  သေအောင်ရိုက်တော့တာပဲ” လို့ သမရိုးဒေသခံ အသက် ၅၀ ၀န်းကျင်ရှိ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီနောက် တပ်ရင်း ၁ ဘက်က အောက်တိုဘာ ၁၆ ရက်နေ့ မနက် ၃ နာရီခန့်မှာ အလောင်းပြန်လာယူဖို့ ဆက်သွယ်ခဲ့ပြီး အမှုကျေအေးစေဖို့ ကျပ်သိန်း ၃၀ ပေးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

အသက် ၂၈ နှစ်ခန့်အရွယ်ရှိ သမရိုးကျေးရွာနေ ကိုပေါက်ကျော်ဟာ ကျေးရွာပကဖ အဖွဲ့၀င်တစ်ဦးဖြစ်ပြီး သေဆုံးပြီးနောက် သူ့ရဲ့မိဘတွေနဲ့ ညီဖြစ်သူကျန်ရှိခဲ့တယ်လို့ သိရပါတယ်။

 

“ဒါကို သူ့မိသားစုတွေကလည်း မကျေနပ်ဘူးလို့လည်းသိရတယ်။ သက်ဆိုင်ရာ ခရိုင်နဲ့ တိုင်းထိတော့ တိုင်ထားတယ်လို့ သိထားတယ်” လို့ အမည်မဖော်လိုတဲ့ ၀က်လက်မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တရားမျှတမှု ရရှိစေရေး မိသားစုတွေအပါအ၀င် ဒေသခံတွေက လိုလားနေကြတယ်လို့ သူက ပြောပါတယ်။

 

ဒီနှစ် ၂၀၂၄ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာနေ အသက် ၂၃ နှစ်အရွယ် မယုမွန်ထိုက်ကို နေအိမ်ထဲထိဝင်ကာ သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဝက်လက်တပ်ရင်း ၂၊ တပ်ခွဲ ၁ က ဒုတပ်ခွဲမှူး ပြည့်ထွန်းနိုင်(ခ)လင်းစေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၁၀)နှစ် ချမှတ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MoD)က ပြီးခဲ့တဲ့အောက်တိုဘာလ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်