ဂျပန်ပြည်သူတွေရဲ့ အသည်းကြားက မဲတစ်ပြား

Author အဂ္ဂ
Categories
Published on Oct 28, 2024

ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဂျပန်နိုင်ငံရဲ့ နိုင်ငံရေးကို လက်ဝါးကြီးအုပ်ပြီး အုပ်ချုပ်လာခဲ့တဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ (LDP) ဟာ အောက်တိုဘာ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာ အများစု ဆုံးရှုံးခဲ့တာကြောင့် အစိုးရအဖွဲ့မှာ အပြောင်းအလဲ ဖြစ်လာနိုင်ပြီး အာဏာရပါတီဟာ နိုင်ငံရေးအနာဂတ် မရေရာမှုကာလထဲ ကျရောက်ခဲ့ရပြီလို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြကြပါတယ်။

 

အောက်လွှတ်တော် အမတ်နေရာ ၄၆၅ နေရာအနက် LDP နဲ့ သူ့ရဲ့ မဟာမိတ် ကိုမိုင်တို (Komeito) ပါတီဟာ ၂၁၅ နေရာပဲ အနိုင်ရခဲ့ပြီး အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အနည်းဆုံးအရေအတွက်ဖြစ်တဲ့ ၂၃၃ နေရာကို မရရှိခဲ့ပါဘူး။ ဒါဟာ လက်ရှိ အာဏာရပါတီအတွက်ကတော့ ၁၅ နှစ်အတွင်းမှာ အဆိုးရွားဆုံးရလဒ်အနေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ လကမှ ဝန်ကြီးချုပ်ရာထူးရယူထားတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂဲရု အီရှီဘာ (Shigeru Ishiba) အတွက် ဒီရလဒ်ဟာ ထိုးနှက်ချက်ကြီး တစ်ခုဖြစ်ခဲ့ပြီး  “ပြည်သူတွေက ပြင်းထန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်တာပါ” လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

 

ဂျပန်နိုင်ငံမှာ အခုနှစ်ပိုင်း ကြုံတွေ့နေရတဲ့ ငွေကြေးဖောင်းပွမှု၊ ယန်းငွေတန်ဖိုး ကျဆင်းမှုကြောင့် နေထိုင်စရိတ် မြင့်တက်လာမှုနဲ့ LDP ပါတီတွင်းက နိုင်ငံရေးရန်ပုံငွေ အကျင့်ပျက်ခြစားမှုတွေကြောင့် ပြည်သူတွေရဲ့ မကျေနပ်မှုက မဲပုံးတွေထဲ ရောက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

 

အဓိက အတိုက်အခံပါတီ  ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဒီမိုကရက်တစ်ပါတီ (CDPJ)  ကတော့ အမတ်နေရာ ၁၄၈ နေရာအထိ တိုးမြှင့်အနိုင်ရခဲ့ပြီး အရင်က ရရှိခဲ့တဲ့ ၉၈ နေရာထက် သိသိသာသာ တိုးတက်လာခဲ့ပါတယ်။

 

“အာဏာရပါတီရဲ့ လူများစုအားသာချက်ကို ချိုးဖျက်နိုင်ဖို့က ကျွန်တော်တို့ ရည်မှန်းချက်ပါပဲ၊ ဒါကိုအောင်မြင်အောင်လည်း လုပ်နိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အတွက် အလွန်ကြီးမားတဲ့ အောင်မြင်မှုကြီး တစ်ခုပါပဲ”လို့ CDPJ ရဲ့ ခေါင်းဆောင် ယိုရှိဟီကို နိုဒါ (Yoshihiko Noda) က ယမန်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီက ဝင်ငွေနည်း အိမ်ထောင်စုတွေကို ငွေကြေးထောက်ပံ့မှု၊ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်မှု၊ ဒေသဖွံ့ဖြိုးရေး အစီအစဉ်တွေ လုပ်ဆောင်မယ်လို့ ကတိပေးခဲ့တဲ့ မစ္စတာ အီရှီဘာဟာ အခုတော့ နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါပြီ။

 

သူ့အနေနဲ့ LDP ကို တခြားပါတီတွေနဲ့ မဟာမိတ်ဖွဲ့စည်းပြီး အစိုးရအဖွဲ့ ဖွဲ့စည်းဖို့ ကြိုးစားတာ ဒါမှမဟုတ် လူနည်းစုအစိုးရအဖြစ် ဖွဲ့စည်းအုပ်ချုပ်တာ စတာတွေ လုပ်နိုင်ပေမဲ့ နည်းလမ်းနှစ်မျိုးစလုံးကတော့ သူ့ရဲ့  ဝန်ကြီးချုပ်ရာထူးထိုင်ခုံကို ကိုင်လှုပ်နေပြီလည်း ဖြစ်ပါတယ်။

 

သူဟာ နိုင်ငံခြားရေးမူဝါဒမှာလည်း တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ စိန်ခေါ်မှုတွေကြားက အမေရိကန်နဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်ထားသူဖြစ်ပြီး ဂျပန်နိုင်ငံထဲက အမေရိကန်စစ်စခန်းတွေအပေါ် ကြီးကြပ်မှု ပိုမိုတင်းကျပ်စေချင်တယ်လို့ ပြောကြားခဲ့သူလည်း ဖြစ်ပါတယ်။

 

ကမ္ဘာ့စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံဟာ လာမယ့် နွေရာသီမှာ အထက်လွှတ်တော် ရွေးကောက်ပွဲ ထပ်မံကျင်းပမယ့် အချိန်အထိ နိုင်ငံရေး မတည်ငြိမ်မှုတွေ ကြုံတွေ့နေရဦးမှာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ခန့်မှန်းထားကြပါတယ်။

 

ဓာတ်ပုံ- Manami Yamada/ Reuters

 

ပုံစာ- တိုကျိုမြို့က အထွေထွေရွေးကောက်ပွဲအတွက် မဲရေတွက်တဲ့စင်တာမှာ မဲရေတွက်နေတဲ့ ရွေးကောက်ပွဲအရာရှိများကို ယမန်နေ့က တွေ့ရစဉ်

ကိုးကား- CNN