စစ်ရှောင်တိုးလာတဲ့ ဒီးမော့ဆိုက စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေခွဲတမ်းနဲ့ စတင်သုံးနေရ သောက်သုံးရေပြတ်လပ်မှာကို စစ်ရှောင်တွေ ပူပန်

Author CJ Platform
Categories
Published on Jan 28, 2025

ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုအရှေ့ခြမ်းရှိ ဒေါလော်ခူကျေးရွာကို အခုနှစ်ထဲ စစ်ဘေးရှောင်တွေ ထပ်မံရောက်လာတယ်လို့ အဲဒီကစစ်ရှောင်အရေးကူညီနေသူတွေဆီကနေ သိရပါတယ်။

 

ဒါ့အပြင် ခြောက်သွေ့ရာသီကိုကူးပြောင်းလာတာကြောင့် သိုလှောင်ကန်တွေ ခန်းခြောက်လာပြီး အဲဒီက ဒေသခံတွေနဲ့ စစ်ရှောင်တွေ သောက်သုံးရေပြတ်လပ်လာမှာကို စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

အဲဒီက စစ်ရှောင်စခန်းမှာ သိုလှောင်ကန် နှစ်ကန်သာရှိပြီး ရေကန်အတွင်း ရေနည်းသွားပြီဖြစ်လို့ ဒေသခံနဲ့ စစ်ရှောင်တွေ ခွဲတမ်းနဲ့သာ သုံးဆွဲနေကြရပြီဖြစ်တယ်လို့ သိရပါတယ်။

”လေးလပိုင်းလောက်မှ ရေက တော်တော်လေးကို ခမ်းသွားတာ။ အရင်နှစ်က တစ်လပိုင်းမှာ ရေကတော်တော်ရှိနေသေးတယ်။ အခုက တစ်လပိုင်းမကုန်သေးဘူး ရေ အခုလောက် ခမ်းသွားပြီဆိုတော့ နောက်မကြာခင် ရေခမ်းတော့မယ်” လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူ ဒေါ်ငါးမြာက CJ Platform ကို ပြောပါတယ်။

 

ဒေါလော်ခူကျေးရွာက စစ်ရှောင်စခန်းမှာ အရင်က လူဦးရေ ၇၀၀ ကျော်ရှိရာကနေ အခုအခါ ၈၀၀ ကျော်အထိတိုးလာတာဖြစ်တယ်လို့ သူမက ဆက်ပြောပါတယ်။

 

လက်ရှိမှာ စစ်ရှောင်သူတွေကို တစ်အိမ်ထောင်ကို ရေငါးဂါလံဆံ့ ပုံးအဝါ ၃ ပုံးကျော်ဆိုတဲ့ ခွဲတမ်းနဲ့ အသုံးပြုခွင့်ပေးထားတယ်လို့ အဲဒီက စစ်ဘေးရှောင်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

အရင်နှစ်တွေက ရေအလှူရှင်တချို့ လာရောက်ကူညီပေးတာမျိုးရှိပေမဲ့ အခုနှစ်မှာတော့ ရှိတဲ့လူဦးရေနဲ့ ရေပြတ်လပ်နိုင်တဲ့အတွက် အများစုက စိုးရိမ်နေကြတယ်လို့ ဒေါလော်ခူစစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသားတစ်ဦးဖြစ်တဲ့ ဦးမြားရယ်က ပြောပါတယ်။

 

”သိုလှောင်ကန်က စိမ့်ထွက်တဲ့ကန်မျိုးလည်း မဟုတ်တော့ ရေက ကုန်တော့မယ်။ ဆိုင်ကယ်၊ ကားရှိတဲ့သူကတော့ ရေရှိတဲ့နေရာအထိ သွားခပ်ရနိုင်တာပေါ့။ မရှိတဲ့သူကတော့ အလှူရှင်ကိုပဲစောင့်ရမှာ” လို့ သူက CJ Platform ကို ပြောပါတယ်။

 

ဒေါလော်ခူစစ်ရှောင်စခန်းမှာ ရေပြတ်လပ်ပါက ကား/ဆိုင်ကယ်နဲ့ နာရီဝက်လောက် သွားရတဲ့ ကံခုနစ်ဆင့်ဆိုတဲ့နေရာအထိ သွားရောက်သယ်ဆောင်ရတယ်လို့ သိရပါတယ်။

ရေပြတ်လပ်နေချိန် ရေအလှူရှင် မလာရောက်မရှိပါက ရှိနေဆဲရေကို တစ်ရက်အတွက် တစ်အိမ်ထောင်ကို ပုံးအဝါနဲ့ တစ်ပုံးကျ ခွဲဝေ သုံးစွဲရပြီး ရေလုံးဝ ပြတ်လပ်သွားချိန်မှာတော့ ရေရှိရာကန်ကို ခြေကျင်သွားရောက် ထမ်းပိုးသယ်ကြရတယ်လို့ အဲဒီကစစ်ရှောင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ကရင်နီ(ကယား)ပြည်မှာ လူဦးရေ လေးသိန်းရှစ်သောင်းရှိပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)ရဲ့ စစ်တမ်းအရ သုံးသိန်းခွဲဟာ နေရပ်စွန့်ခွာ နေထိုင်နေကြရသူတွေဖြစ်တယ်လို့ သိရပါတယ်။

 

၂၀၂၁ စစ်အာဏာသိမ်းချိန်မှာ ဒီးမော့ဆို အရှေ့ခြမ်းနဲ့ အနောက်ခြမ်းသာ စစ်ရှောင်တွေ ရှိခဲ့ပြီး ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း လွိုင်ကော်အပြင် ပင်လောင်း၊ ဖယ်ခုံနဲ့ မိုးဗြဲဒေသခံတွေပါ စစ်ရှောင်နေရတာကြောင့် ဒီနှစ်မှာ စစ်ရှောင်ဦးရေ ပိုတိုးလာခဲ့တယ်လို့ စစ်ရှောင်အရေးကူညီသူတွေက ဆိုကြပါတယ်။

 

ကရင်နီပြည်မှာ ဒီးမော့ဆိုအရှေ့ခြမ်းသာမက အနောက်ခြမ်းမှာလည်း နွေရာသီရောက်ပါက ရေသိုလှောင်ကန်တွေ ခမ်းခြောက်ကုန်ပြီး အများစုက ရေကိုဝယ်ယူသုံးစွဲကြရပါတယ်။

 

သတင်းနဲ့ ဓာတ်ပုံ – Tin Soe

 

ပုံစာ – ဒေါလော်ခူကျေးရွာက စစ်ရှောင်စခန်းမှာ စစ်ရှောင်များ ရေခပ်နေစဉ်