ပါလက်စတိုင်း ပြည်သူသိန်းချီ နေရပ်ပြန်ကြပြီ
အစ္စရေးနဲ့ ဟားမက်စ်တို့အကြား ၁၅ လနီးပါးအကြာ စစ်ပွဲ အပစ်ခတ်ရပ်စဲပြီးတဲ့နောက်မှာ အစ္စရေးတပ်တွေ ဂါဇာဒေသထဲက ဆုတ်ခွာသွားပြီ ဖြစ်တဲ့အတွက် ပါလက်စတိုင်းဒေသခံ သိန်းချီဟာ ယမန်နေ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ ဂါဇာမြောက်ပိုင်းကို နေရပ်ပြန်လာကြပြီ ဖြစ်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ပါလက်စတိုင်း ဒေသခံတွေဟာ ၁၅ လနီးပါးကြာ စစ်ပွဲစတင်ချိန် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးကြရတာဖြစ်ပြီး အပစ်ရပ်ပြီးတဲ့နောက် ပထမဦးဆုံးအကြိမ်အဖြစ် နေရပ်ပြန်နိုင်ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်တို့အကြားက အပစ်ခတ်ရပ်စဲရေးဟာ အချိန်မရွေး ဘာမဆိုဖြစ်သွားနိုင်ပေမဲ့ ပါလက်စတိုင်း ဒေသခံတွေကတော့ ပိုင်ဆိုင်မှုတွေကို သယ်ဆောင်ပြီး ပင်လယ်ကမ်းစပ်တလျှောက်အတိုင်း လမ်းလျှောက်လာကြပြီး သူတို့ရဲ့ အိမ်ပြန်ခရီးကို ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံနေကြပါတယ်။
နေရပ်ပြန် လူအုပ်တွေကြားထဲ ဟားမက်စ် တိုက်ခိုက်ရေး သမားတွေကို တွေ့မြင်ရသလို အနီးအနားက တောင်ကုန်းတွေပေါ်ကနေ အစ္စရေးတင့်ကားတွေက အခြေအနေကို စောင့်ကြည့်နေကြတာကိုလည်း ဓာတ်ပုံတွေထဲ တွေ့မြင်ရပါတယ်။
ကုလသမဂ္ဂ (UN) ကတော့ ယမန်နေ့ နံနက်ပိုင်းမှာ ဂါဇာမြောက်ပိုင်းကို လူပေါင်း နှစ်သိန်းဝန်းကျင် ပြောင်းရွှေ့သွားကြတယ်လို့ ဆိုပါတယ်။ ပါလက်စတိုင်း ဒေသခံတွေ နေရပ်ပြန်နေတဲ့အချိန်မှာ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ပထမဆင့် ဓားစာခံလဲလှယ်ရေး စာရင်းမှာပါဝင်တဲ့ ဟားမက်စ်တွေလက်ထဲက အစ္စရေး ဓားစာခံရှစ်ဦး သေဆုံးသွားခဲ့တယ်လို့ အစ္စရေးတာဝန်ရှိသူတွေက အတည်ပြု ပြောဆိုပါတယ်။
ဓားစာခံတွေ သေဆုံးသွားတဲ့ သတင်းဟာ သူတို့တွေပြန်အလာကို စောင့်ကြိုနေကြတဲ့ မိသားစုဝင်တွေအတွက် ကြီးမားတဲ့ထိုးနှက်ချက်လည်း ဖြစ်ခဲ့ပါတယ်။
ဓားစာခံမိသားစုဝင်တွေဟာ အစ္စရေးအစိုးရကို ဓားစာခံတွေ ပြန်လည်လွတ်မြောက်လာရေးကို အာမခံပေးဖို့ အစ္စရေးအစိုးရကို အသည်းအသန်တောင်းဆို အသနားခံနေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။
အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု မကြေညာခင်ကတည်းက ဟားမက်စ်တွေလက်ထဲက အစ္စရေး ဓားစာခံ ၉၀ ကျော်ထဲက အနည်းဆုံး ၃၅ ဦးလောက်က သေဆုံးပြီးသားဖြစ်တယ်လို့ ယုံကြည်ရကြောင်း အစ္စရေးအစိုးရဘက်က ပြောဆိုထားပါတယ်။
လက်ရှိအပစ်ရပ်ထားတဲ့ စစ်ပွဲဟာ အစ္စရေး- ပါလက်စတိုင်း ပဋိပက္ခတွေထဲမှာ ထိခိုက်ပျက်စီးမှုအများဆုံး စစ်ပွဲဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ဟားမက်စ်တွေဘက်က အစ္စရေးနိုင်ငံထဲကို လျှပ်တပြက်ထိုးဖောက်ဝင်ရောက် တိုက်ခိုက်တာကနေ စခဲ့တဲ့ ပဋိပက္ခအတွင်း အစ္စရေးဘက်က လူပေါင်း ၁,၂၀၀ ကျော်သေဆုံးခဲ့ပြီး အများစုဟာ အရပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။
အစ္စရေးဘက်က ပြင်းထန်တဲ့လေကြောင်းနဲ့ မြေပြင်ကနေ ထိုးစစ်ဆင်ပြီး တုံ့ပြန်တိုက်ခိုက်မှုကြောင့်လည်း ပါလက်စတိုင်းဒေသခံ ၄၇,၀၀၀ ကျော်သေဆုံးခဲ့ရတယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။
အပစ်ခတ်ရပ်စဲပြီးနောက် နေရပ်ပြန်ကြတဲ့ ပါလက်စတိုင်းဒေသခံတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေ အများအပြား ရှိနေပါတယ်။ ဂါဇာဒေသလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အိုးမဲ့အိမ်မဲ့ ဖြစ်နေပြီး သူတို့တွေ ပြန်နေကြတဲ့ နေအိမ်တွေကလည်း စစ်ပွဲအတွင်းမှာ ထိခိုက်ပျက်စီးသွားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ပြန်လည်အခြေချ နေထိုင်ဖို့အတွက်ကလည်း မြေမြုပ်မိုင်းတွေ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေကြောင့် စိန်ခေါ်မှုတွေရှိနေပါတယ်။ ဂါဇာမြောက်ပိုင်းကို ဒေသခံတွေ နေရပ်ပြန်ရေးဟာ အစပိုင်းမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ခဲ့ပါတယ်။
အစ္စရေးဘက်က ဟားမက်စ်တွေလက်ထဲက အမျိုးသမီး စစ်သည်တော်တွေကို ပြန်မလွှတ်ပေးခင်မှာ အရပ်သားဓားစာခံဖြစ်တဲ့ အာဘယ်ရေဟွတ် (Arbel Yehoud) ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။
နောက်ပိုင်းမှာတော့ ကြားဝင်စေ့စပ်ပေးသူတွေရဲ့ ကြိုးပမ်းမှုနဲ့ ပြန်လည်ပြင်တင်ထားတဲ့ ဓားစာခံပြန်လွှတ်ရေးအချိန်ဇယားကို သဘောတူမှုရခဲ့ကြပါတယ်။
ပါလက်စတိုင်းတွေရဲ့ နေရပ်ပြန်မှုကို အစ္စရေးဘက်ကတော့ မျိုးစုံတုံ့ပြန်မှုတွေ ရှိနေကြပါတယ်။ တချို့က မယုံသင်္ကာမှုတွေရှိနေဆဲဖြစ်ပြီး တချို့ကတော့ အိုးအိမ်မဲ့တဲ့သူတွေကို စာနာကြောင်းပြသကြပါတယ်။
ဓာတ်ပုံ- AP Photo
ပုံစာ- နေရပ်ပြန်ပါလက်စတိုင်းဒေသခံတွေကို တွေ့ရစဉ်
ကိုးကား- AP NEWS