စာရေးဆရာ မောင်ခင်မင်-ဓနုဖြူ ကွယ်လွန်

Author လဂွန်းအိမ်
Categories
Published on Jan 28, 2025

မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာ ဆရာမောင်ခင်မင် – ဓနုဖြူ ဟာ ဒီကနေ့ မနက် ၁၂ နာရီခွဲမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သမီးဖြစ်သူ ဒေါ်သူသူနွယ်အေးက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ အသိပေးထားပါတယ်။

 

အငြိမ်းစားမြန်မာစာ ပါမောက္ခတစ်ဦးဖြစ်တဲ့ ဆရာကြီး မောင်ခင်မင်(ဓနုဖြူဟာ) ရုတ်တရက်ကွယ်လွန်သွားတာဖြစ်တယ်လို့ သမီးဖြစ်သူရဲ့ ရေးသားထားချက်အရ သိရပြီး ဘာကြောင့်ဆိုတာကိုတော့ မပြောပါဘူး။

 

“ ည ၁၂ နာရီခွဲ မှာ ဖေဖေဦးခင်အေး (မောင်ခင်မင် ဓနုဖြူ) ရုတ်တရက်ကွယ်လွန်သွားပါပြီ” လို့ သမီးဖြစ်သူ ဒေါ်သူသူနွယ်အေးက ရေးသားထားတာပါ။

 

ဆရာကြီးဟာ ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှာ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာမှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်ရှိပြီဖြစ်ပါတယ်။

 

ပုသိမ်ကောလိပ် မြန်မာစာဌာနမှာ နည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့အပြင် ဂျပန်နိုင်ငံ အိုဆာကာနိုင်ငံခြားဘာသာသင်တက္ကသိုလ်မှာ မြန်မာစာပါမောက္ခအဖြစ် ၂ နှစ်တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။

 

၂၀၀၂ ခုနှစ်မှာတော့ တာဝန်တွေကနေ အငြိမ်းစားယူခဲ့ ပြီး ဆရာကြီးရဲ့ စကားပြေအတတ်ပညာ စကားပြေသဘောတရား စာအုပ်တွေဟာ မြန်မာစာပေလောကမှာ ကျမ်းကိုးပြုရတဲ့စာအုပ်အဖြစ် ထင်ရှားခဲ့ပါတယ်။

 

အမျိုးသားစာပေဆု၊စာပေဗိမာန်စာပေဆုတို့တို့အပါအဝင် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ချီးမြှင့်ခဲ့ရတဲ့သူဖြစ်ကာ စာအုပ်ပေါင်း ၁၃၀ ကျော်ကို ပြုစုရေးသားခဲ့ပါတယ်။

 

ဆရာကြီးရဲ့ ရုပ်ကလာပ်ကို ဇန်နဝါရီ ၃၀ ရက်နေ့မှာ သဂြိုလ်မယ်လို့ သိရပြီး ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်စုစုနွယ် နဲ့ သမီးဖြစ်သူ ဒေါ်သူသူနွယ်တို့ ကျန်ရစ်ခဲ့ပါတယ်။

 

ဓာတ်ပုံ – နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)

 

ပုံစာ – ၂ဝ၂၄ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ သာသနာ့တက္ကသိုလ် ပိဋကတ်စာကြည့်တိုက်ကို စာအုပ်လှူဒါန်းဖို့ရောက်လာတဲ့ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ)