ပြင်သစ်အမြင့်ဆုံးလိဒ်ချန်ပီယံဟောင်း ဘော်ဒိုးကလပ် ဒေဝါလီခံရပြီးနောက် နှစ် ၉၀ နီးပါးကြာ ပရိုအသင်းအဖြစ်က ရုတ်သိမ်းခံရ

Author မောင်ရှမ်း
Categories
Published on Jul 27, 2024

ပြင်သစ်လီဂူးဝမ်းဖလားကို ခြောက်ကြိမ်အထိရယူနိုင်ခဲ့တဲ့ ဘော်ဒိုးအသင်းဟာ ဒေဝါလီခံရပြီးနောက် နှစ် ၉၀ နီးပါးကြာ ပရော်ဖက်ရှင်နယ်အသင်းအဖြစ်ကနေ ရုတ်သိမ်းခံလိုက်ရပါတယ်။

 

ပြင်သစ်ဂန္ထဝင်ကြီး ဇီဒန်းအပါအဝင် လက်ရှိနာမည်ကျော် ချူအာမန်နီနဲ့ ကွန်ဒေးတို့ရဲ့ ကလပ်အသင်းဟာ လီဂူး(၂)ကနေ Semi-Pro တတိယတန်းအဆင့်ဆီကို ဆင်းပေးလိုက်ရတာဖြစ်ပါတယ်။ ပြင်သစ်လိဂ်က ချမှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် အခုလိုအဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

 

ဘော်ဒိုးအသင်းဟာ ၂၀၂၂ ခုနှစ်မှာ လီဂူး(၁) ကနေ လီဂူး (၂) ကို တန်းဆင်းခဲ့ရပြီးနောက် ဘဏ္ဍာရေးအရ ဆုံးရှုံးမှုတွေဆက်တိုက်ဖြစ်ပေါ်ခဲ့တာပါ။

 

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ ဘော်ဒိုးအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေကို မဖြေရှင်းနိုင်တော့တာကြောင့် ဒေဝါလီခံလိုက်ပြီဖြစ်ကြောင်း ပြင်သစ်လိဂ်တာဝန်ရှိသူတွေကို အသိပေးကြေညာခဲ့ပါတယ်။

 

ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကြီး ဇီဒန်းက “ကျွန်တော်အကြိုက်ဆုံးအသင်းရဲ့ အခြေအနေတွေက လက်ခံနိုင်ဖို့ ခက်ခဲလွန်းပါတယ်။ အနာဂတ်မှာတော့ ပိုမိုကောင်းမွန်တဲ့ နေ့ရက်တွေရောက်လာဦးမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော့်နှလုံးသားဟာ ဒီကလပ်ကို ချစ်တဲ့သူတွေနဲ့အတူ ရှိနေမှာပါ” လို့ မှတ်ချက်ပေးပြောဆိုပါတယ်။

 

ပြင်သစ်တတိယတန်းဟာ ပရော်ဖက်ရှင်နယ်အသင်းတွေအပြင် အပျော်တမ်းကလပ်အသင်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

 

ပြင်သစ်ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီရဲ့ ပရော်ဖက်ရှင်နယ်ကလပ်လိုင်စင် ရုပ်သိမ်းခံလိုက်ရတဲ့ ဘော်ဒိုးအသင်းဟာ သာမန်ကလပ်အဖြစ်သာ ရပ်တည်ရတော့မှာဖြစ်ပါတယ်။

 

ဒါကြောင့် ကစားသမားတွေအားလုံးကို စာချုပ်ဖျက်သိမ်းပေးရမှာဖြစ်ပြီး လေ့ကျင့်ရေးကွင်းကိုလည်း ပိတ်ပေးရတော့မှာဖြစ်ပါတယ်။

 

အစောပိုင်းမှာတော့ ဘော်ဒိုးအသင်းကို ဝယ်ယူဖို့အတွက် လီဗာပူးလ်အသင်းရဲ့ ပိုင်ရှင်တွေရဲ့ Fenway Sports Group(FSG)က ဆွေးနွေးခဲ့ပေမဲ့ နောက်ဆုတ်သွားလို့ အခုလိုအဖြစ်မျိုးနဲ့ ရင်ဆိုင်သွားခဲ့ရတာပါ။

 

ဘော်ဒိုးအသင်းဟာ ပြင်သစ် အမှတ်ပေးဖလားကို ၆ ကြိမ်အထိ ရယူနိုင်ခဲ့သလို ၂၀၁၀ ခုနှစ်မှာလည်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ဖူးတဲ့အသင်းလည်းဖြစ်ပါတယ်။

 

၁၉၃၇ ခုနှစ်ကတည်းက ပရော်ဖက်ရှင်နယ်ဘောလုံးအသင်းတစ်သင်းအဖြစ်ရပ်တည်ခဲ့တဲ့ ဘော်ဒိုးဟာ ၈၇ နှစ်ကြာပြီးနောက်မှာတော့ အဆုံးသတ်ဖို့ ဖြစ်လာခဲ့ရပါပြီ။ သူတို့ဟာ လီဂူးဝမ်းမှာ နောက်ဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့တာကတော့ ၂၀၀၈-၀၉ ဘောလုံးရာသီမှာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ ရင်းနှီးခဲ့တဲ့ ကစားသမားကောင်းတွေပေါ်ထွက်ခဲ့ဖူးတဲ့ ကလပ်တစ်သင်း အခုလိုအဖြစ်မျိုးနဲ့ ရင်ဆိုင်သွားရတာဟာ ဘောလုံးရပ်ဝန်းက ပရိသတ်တွေအတွက်တော့ ဝမ်းနည်းစရာပါပဲ။

 

ဓာတ်ပုံ – The Guardian