“ဒီတစ်ပတ် ကမ္ဘာကြီးဘာထူးလဲ” (ဇူလိုင် ၂၁ မှ ၂၇ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Jul 27, 2024

ဒီတစ်ပတ်(ဇူလိုင် ၂၁ မှ ၂၇ ရက်အထိ)အတွင်း ကျင်းပဖို့ သုံးလကျော်သာလိုတော့တဲ့ အမေရိကန်ပြည်ထောင်စုရွေးကောက်ပွဲသတင်းတွေထဲက ဒီမိုကရက်တွေရဲ့ သမ္မတလောင်းအဖြစ် တစ်ပြေးနေသူရဲ့ မဲဆွယ်သတင်းတွေ၊ ကမ္ဘာ့အင်အားအကြီးဆုံးမူးယစ်ရာဇာ ဖမ်းမိတဲ့သတင်း၊ အမေရိကရောက်နေတဲ့ အစ္စရေးဝန်ကြီးချုပ် ဆန္ဒပြခံရတဲ့သတင်း၊ ရုရှားငွေတွေ ယူကရိန်းကို ထောက်ပံ့လိုက်တဲ့သတင်းနဲ့ ၂၀၂၄ ပဲရစ် အိုလံပစ်စတင်ဖွင့်လှစ်လိုက်တဲ့သတင်းတွေကို အနှစ်ချုပ်ဖော်ပြလိုက်ပါတယ်။

****************************************

 

“ကမ်မလာ ဟားရစ် ဒီမိုကရက်တစ် သမ္မတလောင်းဖြစ်ဖို့ တစ်ပြေးနေ”

 

လာမယ့် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ဝင်မပြိုင်တော့ဘဲ လူငယ်တွေကို နေရာပေးမယ်လို့ အသက်ကြီးဆုံးသမ္မတ ဂျိုးဘိုင်ဒန်က တရားဝင်ထုတ်ပြောခဲ့ပါတယ်။

 

တစ်ဆက်တည်းမှာပဲ သူက ဒုသမ္မတ ကမ်မလာ ဟဲရစ်ကို ထောက်ခံပေးခဲ့ပါတယ်။

 

အဲဒီနောက် သူမဟာ ပြိုင်ဘက် ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်နဲ့ ယှဉ်ပြိုင်ဖို့ မဲဆွယ်စည်းရုံးမှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာနေပါတယ်။

 

သူမကို ဒီမိုကရက်ပါတီတွင်းမှာ ဩဇာအကြီးဆုံး အိုဘားမားတို့ ဇနီးမောင်နှံကလည်း သမ္မတလောင်းအဖြစ် ထောက်ခံကြောင်း ဇူလိုင် ၂၆ ရက် ကြာသာပတေးနေ့မှာ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

 

တစ်ချိန်တည်းမှာပဲ ကမ်မလာနဲ့အတူ တွဲဖက်ပြိုင်ပွဲဝင်မယ့် ဒုသမ္မတလောင်းကိုလည်း ဒီမိုကရက်တစ်ပါတီက ရွေးချယ်ဖို့ စိစစ်နေပါပြီ။

 

ဒီမိုကရက်အုပ်ချုပ်ရေးမှူး ငါးယောက်နဲ့ အထက်လွှတ်တော်အမတ်တစ်ယောက်တို့ကို ဒုသမ္မတဟဲရစ်စ်ရဲ့ မဲဆွယ်စည်းရုံးရေးမှူးတွေက စိစစ်နေပါတယ်။

****************************************

 

“ကမ္ဘာ့အင်အားအကြီးဆုံး မူးယစ်ရာဇာ အမေရိကမှာ ဖမ်းမိ”

 

၇၆ နှစ်အရွယ် အစ္စမေး အယ်လ်မာယို ဇမ်ဘာဒါလို့ခေါ်တဲ့ မက္ကဆီကို မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဇူလိုင် ၂၆ ရက် ကြာသာပတေးနေ့က အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ် အယ်လ်ပါဆိုမြို့မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

 

သူအဖမ်းမခံရအောင် မက္ကဆီကို အစိုးရတစ်ရပ်လုံးကို လာဘ်ထိုးထားသူလို့ နာမည်ကျော်ပါတယ်။

ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုအများဆုံးနဲ့ ဩဇာအကြီးဆုံး ဆီနာလိုဝါဆိုတဲ့ မူးယစ်မှောင်ခိုဂိုဏ်းကို သူနဲ့အတူ မူးယစ်ရာဇာတစ်ဦးဖြစ်သူ အယ်လ်ချာပိုတို့က မက္ကဆီကိုမှာ တည်ထောင်ထားတာပါတယ်။

ဇမ်ဘာဒါဟာ အယ်ချာပိုရဲ့သား ဂုဇ်မန်းလိုပတ်နဲ့အတူ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

 

အဲဒီမူးယစ်ဂိုဏ်းဟာ အမေရိကန်ပြည်ထောင်စုဆီ မူးယစ်ဆေးအများဆုံးတင်သွင်းသလို ဇမ်ဘာဒါဟာလည်း အမေရိကမှာ ဩဇာအကြီးမားဆုံး မူးယစ်ရာဇာဖြစ်ပါတယ်။

 

အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအုပ်ချုပ်မှုအဖွဲ့ (DEA)က ဇမ်ဘာဒါ သတင်းပေးနိုင်ရင် ဆုငွေ ဒေါ်လာ ၁၅ သန်းချီးမြှင့်မယ်လို့ ထုတ်ပြန်ခဲ့ရတဲ့အထိပါပဲ။

 

ဇမ်ဘာဒါကို ဖက်တန်နဲယ်မူးယစ်ဆေးတွေ ထုတ်လုပ်ဖြန့်ချိဖို့ ကြံစည်မှုနဲ့ အမေရိကန်ဥပဒေအရာရှိတွေက ဖေဖော်ဝါရီလမှာ တရားစွဲဆိုထားပါတယ်။

****************************************

 

“အမေရိကရောက် အစ္စရေး ဝန်ကြီးချုပ် ခေါင်းဆောင်တွေနဲ့ပတ်တွေ့”

 

ပါလက်စတိုင်းနဲ့ လက်ဘနွန်မှာ အကြမ်းဖက်အဖွဲ့တွေ နှိမ်နင်းမှုစစ်ဆင်ရေးဆင်နွှဲနေတဲ့ အစ္စရေးခေါင်းဆောင် အခုသီတင်းပတ်ထဲ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။

အဲဒီမှာ ကမ္ဘာကျော် ကွန်ဂရက်လွှတ်တော်ထဲ မိန့်ခွန်းဝင်ပြောခဲ့သလို လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်နဲ့ အစိုးရအဖွဲ့နဲ့ ကြာသာပတေးနေ့က တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ ဒုသမ္မတလည်းဖြစ်၊ သမ္မတလောင်းအဖြစ် တစ်ပြေးနေတဲ့ ကမ်မလာ ဟဲရစ်လည်း ရှိနေခဲ့ပါတယ်။

 

ဒါ့အပြင် သမ္မတဟောင်းနဲ့ လက်ရှိသမ္မတလောင်း ဒေါ်နယ် ထရမ့်နဲ့လည်း သောကြာနေ့မှာ တွေ့ဆုံခဲ့ပါတယ်။

 

ကွန်ဂရက်ထဲ နေတန်ရာဟု မိန့်ခွန်းပြောနေစဉ် အပြင်မှာ ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ပါတယ်။

ကန်သမ္မတနဲ့ အစ္စရေးဝန်ကြီးချုပ်တို့ ဂါဇာစစ်အလားအလာဆွေးနွေးခဲ့ပါတယ်။

ဟားမက်စ်တို့လက်ထဲ ဒါဇင်နဲ့ချီတဲ့ ဓားစာခံတွေရှိနေပါသေးတယ်လို့ သတင်းတွေမှာဆိုသလို ဂါဇာမှာ ဓားစာခံငါးဦးရဲ့အလောင်းတွေတွေ့ခဲ့တယ်လို့ အစ္စရေးဘက်ကဆိုပါတယ်။

 

အစ္စရေးလ်နဲ့ ဟားမက်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုတွေ နောက်ဆုံးအဆင့်ရောက်နေပြီ ဆိုပေမယ့် ဖြေရှင်းဖို့လိုနေသေးတယ်လို့ အမေရိကန်ဘက်က ဆိုထားပါတယ်။

 

၉ လကြာ ဂါဇာစစ်ပွဲမှာ ဂါဇာဘက်က လူပေါင်း ၃၉,၀၀၀ ကျော်သေဆုံးပြီး အစ္စရေးဘက်ကတော့ ၁,၂၀၀ လောက်သေဆုံးထားရပါတယ်။

****************************************

 

“ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်”

 

ရုရှားကျူးကျော်စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းကို အမေရိကအပါအဝင် နိုင်ငံကြီးတွေက ငွေအား၊ လူအား၊ လက်နက်အားတွေနဲ့ အဘက်ဘက်က ကူညီထောက်ပံ့နေကြတာပါ။

 

အခုရက်သတ္တပတ်ရဲ့ သောကြာနေ့မှာတော့ ဥရောပသမဂ္ဂ(EU)က ထိန်းချုပ်ထားတဲ့ ရုရှားဗဟိုဘဏ်ပိုင် ဒေါ်လာ ၂၂၅ ဘီလီယံကရရှိတဲ့အတိုးငွေ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကို ယူကရိန်းကို ပေးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

 

EU က ယူကရိန်းနဲ့အတူ ရပ်တည်နေကြောင်းသက်သေပြတဲ့အနေနဲ့ ယူကရိန်း ကာကွယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးအတွက် မရွှေ့မပြောင်းနိုင်တဲ့ ရုရှားပိုင်ဆိုင်မှုတွေထဲက ရရှိတဲ့ငွေတွေကို အကူအညီပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ယူကရိန်းဘက်ကလည်း အခုကူညီမှုနဲ့ပတ်သက်ပြီး ကျေးဇူးတင်တယ်သလို ကာကွယ်ရေးအားကောင်းစေမှာဖြစ်တယ်လို့ ပြန်လည်ပြောကြားပါတယ်။

 

ယူကရိန်းကျူးကျော်မှုကို ဒဏ်ခတ်တဲ့အနေနဲ့ ရုရှားပိုင် နှစ်စဉ် ခန့်မှန်းခြေ ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံကို ပိတ်ဆို့ထားတာဖြစ်ပါတယ်။

 

ရန်ပုံငွေ ၉၀ ရာခိုင်နှုန်းက ယူကရိန်းကို လက်နက်၊ ခဲယမ်းတွေ ပေးပို့နေတဲ့ ဥရောပက အဖွဲ့ဝင်နိုင်ငံတွေ အတွက် ဥရောပ ငြိမ်းချမ်းရေး စင်တာမှာ ထားရှိမှာ ဖြစ်ကြောင်း EU တာဝန်ရှိသူတွေက ပြောပါတယ်။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကိုတော့ ယူကရိန်း ကာကွယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး အတွက် EU ရဲ့ အသုံးစရိတ် ဘတ်ဂျက်ထဲကို ထည့်ဝင်မှာဖြစ်တယ်ဆိုပါတယ်။

****************************************

 

“ပြင်သစ်အိုလံပစ် ပြိုင်ပွဲစပြီ”

 

၃၃ ကြိမ်မြောက် အိုလံပစ်ပွဲတော်ကို လုံခြုံရေးခြိမ်းခြောက်မှုတွေကြားက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်မှာ သောကြာနေ့ ဇူလိုင် ၂၆ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

 

ပြိုင်ပွဲဝင် နိုင်ငံ့လက်ရွေးစင်အသင်းတွေဟာ စိမ်းမြစ်ထဲကနေ သင်္ဘောတွေကိုယ်ဆီနဲ့ ပရိသတ်တွေကို မိတ်ဆက်ခဲ့ကြပါတယ်။

 

ပြင်သစ်ဂန္တဝင်ဘောလုံးသမား ဇီဒန်းက တင်းနစ်အကျော်အမော် ရာဖေးနာဒဲလ်ကို အိုလံပစ်မီးရှူးတိုင် လက်ဆင့်ကမ်းပေးခဲ့ပါတယ်။

 

စည်ကားသိုက်မြိုက်စွာ ခမ်းခမ်းနားနားကျင်းပခဲ့တဲ့ ဒီဖွင့်ပွဲကို ကမ္ဘာကျော်အားကစားသမားတွေသာမက နိုင်ငံ့ခေါင်းဆောင်တွေ၊ ထင်ရှားကျော်ကြားသူတွေများစွာ တက်ရောက်ခဲ့ပါတယ်။