တိုက်ကြီးမြို့နယ်၊ အဖျောက်က ကျေးရွာ ၁၂ရွာမှာ ရေဝင်နစ်မြုပ်နေလို့ အကူညီလိုနေ

Author ကိုထက်
Categories
Published on Jul 27, 2024

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့က ကျေးရွာ ၁၂ရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ တတိယအပတ်ကကစတင်ပြီး ဧရာဝတီမြစ်ရေတက်လာလို့ အရေးပေါ် ကူညီရွှေ့ပြောင်းပေးတာတွေ လုပ်ခဲ့ရတယ်လို့ ရန်ကုန်တိုင်းလူမှူကယ်ဆယ်ရေး(YRO)ဆီက သိရပါတယ်။

 

မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေပြီး လူတစ်ထောင်နီးပါးကို ကယ်ဆယ်ရေးစခန်းတွေဆီကို ပို့ဆောင်ပေးထားရတယ်လို့ ရန်ကုန်တိုင်းလူမှုကယ်ဆယ်ရေး(YRO)ထံက သိရပါတယ်။

 

“မိုးကအရမ်းကောင်းနေတုန်းပဲ။ တချို့အိမ်တွေဆို တံစက်မြိတ်အထိကိုမြုပ်နေတာတွေရှိတယ်။ ကျွန်တော်တို့ ၂၅ရက်လောက်ကစပြီး၊ ရွာ ၁၂ရွာက လူပေါင်း တစ်ထောင်နီးပါးကို ကယ်ဆယ်ရေးစခန်း ဖွင့်ထားတဲ့ဆီတွေကို ရွှေ့ပြောင်းပေးနေရတယ်။ မိုးဆက်ရွာနေရင် အဲဒီနေရာတွေထိအပါ ရေရောက်လာနိုင်တယ်။ တိုက်ကြီးမြို့ပေါ်ကိုလည်း ပို့ဖို့စီစဉ်နေပါတယ်”လို့ ရန်ကုန်တိုင်းလူမှုကယ်ဆယ်ရေး(YRO) အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

 

ရေဘေးရှောင် တစ်ထောင်နီးပါးအတွက် အရေးပေါ်သောက်သုံးရေ၊ စားနပ်ရိက္ခာတွေ လက်တလော လှူဒါန်းထားတာတွေရှိပေမဲ့၊ ဆက်လက်လိုအပ်နေသေးတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

 

ဒီလလယ်ပိုင်းက စတင်ရွာသွန်းနေတဲ့ မိုးကြောင့် နိုင်ငံအနှံ့အပြားမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဧရာဝတီ၊ ပဲခူး၊ ကရင်၊ ကရင်နီ၊ မွန်၊ မကွေး၊ စစ်ကိုင်းနဲ့ ရခိုင်လို ဒေသတွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်နေပြီး လယ်တွေရေမြုပ်တာ၊ အိုးအိမ်တွေ ရေလွှမ်းပျက်စီးတာနဲ့ လမ်းပိုင်းတွေ ပြတ်တောက်တာတွေလည်း ဖြစ်ပွားနေပါတယ်။

 

ဓာတ်ပုံ – ရန်ကုန်တိုင်းလူမှူကယ်ဆယ်ရေး(YRO)