စစ်ကောင်စီက လားရှိုးမကျဘူးလို့ ငြင်းပေမဲ့ MNDAA က ဓာတ်ပုံများနဲ့ သက်သေပြ

Author ကိုထားဝယ်
Categories
Published on Jul 27, 2024

ရှမ်းမြောက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တပ်စခန်းများကို သိမ်းပိုက်ပြီးနောက် အဲဒီစခန်းများရှေ့က MNDAA တပ်ဖွဲ့ဝင်တွေရဲ့ ယမန်နေ့ ဇူလိုင် ၂၆ ရက်က ပုံရိပ်တွေနဲ့ သက်သေပြလိုက်ပါတယ်။

ကိုးကန့်တပ်ဖွဲ့ဝင်တွေဟာ လားရှိုးမြို့လယ်က ပုံရိပ်တွေအပါအဝင် မြို့တော်ခန်းမနဲ့ မြို့နယ်ရဲစခန်း၊ ပြည်သူ့ဆေးရုံကြီး၊ ခလရ ၄၁၊ ခမရ ၅၀၇ ၊ အင်ဂျင်နီယာတပ်ရင်း ၊ အမှတ် ၉၅၉ ဆောက်လုပ်ရေး တပ်ခွဲ၊ မူးယစ်ရဲတပ်ဖွဲ့၊ မီးသတ်ဌာနတို့ရှေ့က ပုံရိပ်တွေကို ထုတ်ပြန်လာတာတွေ့ရပါတယ်။

ယမန်နေ့က MNDAA ဘက်က တရားဝင်မထုတ်ပြန်မီ လူမှုကွန်ရက်ပေါ် ပြန့်နှံ့နေတဲ့ အဲဒီ ဓာတ်ပုံတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ညပိုင်းမှာပဲ လုပ်ကြံရိုက်ယူထားတဲ့ ပုံတွေလို့ ဆိုပါတယ်။

“အရပ်ဝတ်တွေနဲ့ဝင်ရောက်နေရာယူ၊ ပြီးမှ ယူနီဖောင်းလဲပြီး လမ်းလျှောက်ပြတာတွေ၊ အလံလွှင့်ပြတာတွေ၊ မြို့ပေါ် မော်တော်ယာဉ်နဲ့လျှောက်သွားပြီး ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်ပြီး ဝါဒဖြန့်ခဲ့တယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာ စစ်ကောင်စီတပ်ထဲက စစ်တိုင်း ၁၄ ခုထဲ အစဉ်အလာကြီးမားတဲ့စစ်တိုင်းကြီးလို့ ၎င်းက ပြောပါတယ်။

 

“ကူမင်တန်ကျူးကျော်စစ်ကို ရိုက်ချိုးခဲ့ပါတယ်။ ဗကပတွေရဲ့ ကျူးကျော်စစ်တွေကို အကြိမ်ကြိမ်ရိုက်ချိုးခဲ့ပါတယ်” လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

 

ဒါပေမဲ့ လက်ရှိ ရမခရဲ့ အခြေအနေကိုတော့ ထည့်သွင်းပြောကြားသွားတာမျိုးမရှိပါဘူး။

 

 

ဓာတ်ပုံ – မြောက်ပိုင်းညီနောင်သုံးဖွဲ့