ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်ပျံလွန်တော်မူပြီး ရှစ်ရက်အကြာမှာ NUG ယာယီသမ္မတ ဝမ်းနည်းကြောင်းထုတ်ပြန်

Author ကိုထားဝယ်
Categories
Published on Jun 27, 2024

စစ်ကောင်စီပစ်ခတ်သတ်ဖြတ်လို့ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်ပျံလွန်တော်မူအပြီး ရှစ်ရက်အကြာ ဒီနေ့ ဇွန်လ ၂၇ ရက်မှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ယာယီသမ္မတက ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်လာပါတယ်။

 

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်(ငြိမ်း)၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသဟာ ဇွန်လ ၁၉ ရက်နေ့က မန္တလေးတိုင်း၊ ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရခြင်းအတွက် အထူးစိတ်ထိခိုက်ဝမ်းနည်းကြေကွဲရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

 

ယခုလုပ်ရပ်ဟာ စစ်ကောင်စီက ဗုဒ္ဓဘာသာတစ်ရပ်လုံးကို စော်ကားလိုက်ခြင်းဖြစ်လို့ ပြင်းထန်စွာ ပြစ်တင် ရှုတ်ချတယ်လို့ ၎င်းရဲ့သဝဏ်လွှာထဲ ထည့်သွင်းပြောကြားပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီက အဖြစ်မှန်ဖုံးပြီး PDF တွေကို အပြစ်ပုံခြင်း၊ လိမ်လည်သတင်းထုတ်ပြန်ခြင်းဟာလည်း သံဃာထုနဲ့ တိုင်းပြည်ကို ထပ်လောင်း စော်ကားလိုက်တာလို့ ၎င်းက ပြောပါတယ်။

 

စစ်ကောင်စီရှိနေသ၍ ယခုလို ဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုးတွေ ဆက်ကြုံတွေ့နေရမှာဖြစ်လို့ စစ်အာဏာရှင်ပပျောက်ရေး ဘာသာပေါင်းစုံပြည်သူလူထုတစ်ရပ်လုံးနဲ့လက်တွဲပြီး ကြိုးပမ်းမယ်လို့ NUG ယာယီသမ္မတက ပြောသွားပါတယ်။

 

ဝင်းနိမ္မိတာကျောင်းဆရာတော်နဲ့ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ကျောင်း ဆရာတော်တို့ဟာ ဇွန်လ ၁၉ ရက်နေ့မနက်ပိုင်းမှာ ရန်ကုန်ကနေ မန္တလေး တံတားဦးလေဆိပ်သို့ ကြွရောက်လာခဲ့ပြီးနောက် ကမ္မရွာသို့အသွား မြို့သာနဲ့ ကမ္မရွာကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

 

ဓာတ်ပုံ – NUG